ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုကို ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ၊ ထိုတိုက်ခိုက်မှုကို ၎င်းင်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ ကြေညာ

ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုကို ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ၊ ထိုတိုက်ခိုက်မှုကို ၎င်းင်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ ကြေညာ
မတ် ၂၂ ရက်က မော်စကိုမြို့တော်၏ ဆင်ခြေဖုံး ကရက်စ်နိုဂေါ့စ်ခ်မြို့ရှိ Crocus City Hall ဂီတခန်းမတွင် သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေသည့် အဆောက်အအုံကို မီးသတ်သမားများက ငြိှမ်းသတ်နေစဉ် (Photo: AFP)
မတ် ၂၂ ရက်က မော်စကိုမြို့တော်၏ ဆင်ခြေဖုံး ကရက်စ်နိုဂေါ့စ်ခ်မြို့ရှိ Crocus City Hall ဂီတခန်းမတွင် သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေသည့် အဆောက်အအုံကို မီးသတ်သမားများက ငြိှမ်းသတ်နေစဉ် (Photo: AFP)
Published 23 March 2024

ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ဂီတခန်းမတစ်ခုကို မတ် ၂၂ ရက် ညပိုင်းက သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ကမ္ဘာ့ခေါင်းဆောင်များက ရှုတ်ချ ခဲ့သည်။

သေနတ်သမားများသည် Crocus City ခန်းမတွင် ရော့ခ်ဂီတဖျော်ဖြေပွဲမစတင်မီ ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ခန်းမအတွင်းရှိ လူများကို သေနတ်များဖြင့် ပတ်ခတ်ခဲ့ကာ လက်ပစ်ဗုံးများနှင့် ဖောက်ခွဲရေးပစ္စည်းများလည်း အသုံးပြုခဲ့ကြောင်း RIA Novisti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် Crocus City ခန်းမတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ၏ ခေါင်မိုးအချို့လည်း ပြိုကျခဲ့ကြသည်။

ကမ္ဘာတစ်ဝန်းမှ အစိုးရများကမူ ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး သေဆုံးသူများအတွက် ဝမ်းနည်းစကားများ ပြောကြားခဲ့ကြသည်။

ရုရှား

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူများကို  အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုတောင်းပေးခဲ့ပြီး လူနာများကို ကုသပေးနေသည့် ဆရာဝန်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပူတင်က လူသိရှင် ကြား ချက်ချင်းမှတ်ချက်မပေးခဲ့ပေ။

ယူကရိန်း

ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းကမူ ထိုတိုက်ခိုက်မှုသည် ၎င်းတို့နှင့့် ပတ်သက်မှုမရှိကြောင်း ယူကရိန်းသမ္မတ၏ လက်ထောက် မိုင်ခါယီလို ပိုဒိုယခ်က Telegram တွင် ပြောကြားခဲ့သည်။ ယူကရိန်းထောက်လှမ်းရေးအကြီးအကဲကလည်း ထိုတိုက်ခိုက်မှုသည် စီစဉ်တကျလုပ်ဆောင်သည့် အကြမ်း ဖက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ထိုတိုက်ခိုက်မှုကို အပြင်းထန်ဆုံး စကားလုံးများနှင့် ရှုတ်ချခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ရုရှားအစိုးရတို့ နှင့်ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောကြားခဲ့သည်။

အမေရိကန်

အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း ကြောက်မက်ဖွယ်ကောင်းသည့် ထိုတိုက်ခိုက်မှုတွင် နစ်နာခဲ့သူများကို ဝမ်းနည်းစကားပြောကြားခဲ့ပြီး သတင်းအချက်အလက်များကို ပိုမိုရရှိရန်ကြိုးပမ်းနေကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

တရုတ်

တရုတ်သမ္မတ ရှီကျင်းပင်ကလည်း ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တရုတ်သည် အကြမ်းဖက်မှုပုံစံအားလုံးကို ဆန့်ကျင်ကြောင်း၊ ရုရှားအစိုးရ၏ အမျိုးသားလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ပေးသည့် အားထုတ်ကြိုး ပမ်းမှုများကို အခိုင်အမာထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ

မော်စကိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မိမိတို့အနေဖြင့် တုန်လှုပ်ခြောက်ခြားခဲ့ရပြီး  အရပ်သားများကို ပစ်မှတ်ထားသည့် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ရှုတ်ချကြောင်း ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။

အစ္စရေး

“ဒီနေ့ည မော်စကိုမှာဖြစ်သွားတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကြောင့် ဝမ်းနည်းရပါတယ်။ ဒီတိုက်ခိုက်မှုမှာ ထိခိုက်နစ်နာခဲ့ရသူ အားလုံးနဲ့သူတို့ရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်”ဟု အစ္စရေးနိုင်ငံခြားရေးဝန် ကြီး အစ္စရေးကတ်ဇ်က ပြောကြားခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ သမ္မတရုံးကလည်း ထိုတိုက်ခိုက်မှုကို ရှုတ်ချပြီး  ရုရှားခေါင်းဆောင်များ၊ ရုရှားပြည်သူများကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

ဗင်နီဇွဲလားနှင့် မက္ကဆီကို

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက ရုရှားသမ္မတ ပူတင်ကို ထောက်ခံကြောင်း အကြမ်းဖက်မှုကို ရှုတ်ချကြောင်းပြောကြားခဲ့ပြီး မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရပ်သားများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ဂျပန်

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ကလည်း ထိုတိုက်ခိုက်မှုအတွက် ဝမ်းနည်းကြောင်းနှင့် အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြသည်။

Ref: AFP

Most Read

Most Recent