ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်ရှိ အထက်တန်းကျောင်းအနီး လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ

ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်ရှိ အထက်တန်းကျောင်းအနီး လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ
Published 27 June 2024

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်ရှိ အထက်တန်းကျောင်းအနီးတွင် ဇွန် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ ကျောက်မော်ကြီး အထက်တန်းကျောင်းအနီး ကားလမ်းဘေး မြက်ခင်းပေါ်တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သက်ဆိုင်ရာက လမ်းတွေကို ပိတ်ပြီးတော့ ဗုံးရှင်းလင်းရေးလုပ်သွားတယ်။ ညနေ လေး နာရီကျော်ကျော်လောက်မှာတော့ လမ်းတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုဇွန်လအတွင်း ထားဝယ်မြို့ ပေါ်၌ ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ မကြာခဏတွေ့လာရကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ (၄) ရက် မွန်းလွဲ (၁၂) နာရီခွဲအချိန်ခန့်က ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းအတွင်း ကျောင်းသားလေးတစ်ဦးမှ မပေါက်ကွဲသေးသည့် ၄၀ - မမ ဗုံးသီးအား ယူဆောင်ဆော့ကစားရာမှ ကျောင်းသမံသလင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသားတစ်ဦးမှာ သေဆုံးခဲ့ကာ ကျောင်းသား (၁၀) ဦး နှင့် ကျောင်းသူ (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ (၁၇) ရက်နေ့ကလည်း ထားဝယ်မြို့လယ်ရှိ ဥတ္တံတားကြီးလမ်းဆုံ၌ မိုင်း (၂) လုံးတွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာမှ မိုင်းရှင်းလင်းရေးလုပ်ငန်း၊ လုပ်ဆောင်ခဲ့ကြရကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

၎င်းအပြင် ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့ကလည်း ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ၄၀ - မမ လက်နက်ကြီးကျည် (၂) လုံးတွေ့ရှိခဲ့ရသေးကြောင်း နှင့် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်းဖယ်ရှားပေးခဲ့ရကြောင်း သိရသည်။

 

Most Read

Most Recent