မာလာဝီ ဒုတိယသမ္မတ ဆောလို့စ်ချီလီမာ အပါအဝင် လူ ၁၀ ဦး လေယာဉ် ပျက်ကျပြီး သေဆုံး

မာလာဝီ ဒုတိယသမ္မတ ဆောလို့စ်ချီလီမာ အပါအဝင် လူ ၁၀ ဦး လေယာဉ် ပျက်ကျပြီး သေဆုံး
Published 11 June 2024

မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတ လိုက်ပါသွားသည့် စစ်လေယာဉ်သည် ဇွန် ၁၀ ရက် နံနက်ပိုင်းက နိုင်ငံမြောက်ပိုင်း မြို့အနီးတွင် ပျောက်ဆုံးသွားသဖြင့်  ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ လေယာဉ်ကိုပြန်လည်တွေ့ရှိခဲ့သော်လည်း  အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ကြောင်း မာလာဝီသမ္မတ လာဇရက်စ် ချာကွီရာက ဇွန်လ ၁၁ ရက်မှာ အတည်ပြု ကြေညာခဲ့သည်။

“လေယာဉ်ကိုတော့ ပြန်တွေ့ပါပြီ။ဒါပေမဲ့ အဖြစ်ဆိုးကြီးတစ်ခုလို့ပဲ စိတ်မကောင်းစွာနဲ့ အသိပေးပါရစေ" ဟု သမ္မတချာကွီရာရဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတ လိုက်ပါလာသည့် လေယာဉ်သည်  ဇွန် ၁၀ ရက် နံနက်ပိုင်းက မြို့တော် လီလွန်ဂွေ မှ ထွက်ခွာလာပြီး  ၄၅ မိနစ်အကြာ မဇူဇူမြို့ရဲ့လေဆိပ်တွင် ဆင်းသက်ရမည် ဖြစ်သော်လည်း ရာသီဥတု မကောင်းခြင်း နှင့် မြင်ကွင်း ရှင်းလင်းမှု မရှိခြင်းကြောင့် လေယာဉ်မဆင်းသက်ရန်နှင့် ပြန်လှည့်ရန်  လေကြောင်းထိန်းချုပ်ရေးအဖွဲ့က သတိပေးခဲ့ကြောင်း သိရသည်။ သို့သော် လေကြောင်းထိန်းချုပ်ရေးအဖွဲ့ နှင့် လေယာဉ်တို့ မှာ အဆက်အသွယ်ပြတ်သွားပြီး လေယာဉ်သည် ရေဒါ မှ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

မဇူဇူမြို့သည် မာလာဝီနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်ပြီး တောင်ကြောထူထပ်သည့် ဒေသ တွင် တည်ရှိသည်။

 လေယာဉ်ပျောက် ရှာဖွေမှုတွင် ကူညီမှုများ ပေးအပ်ရန် အမေရိကန်၊ နော်ဝေ နှင့် အစ္စရေးနိုင်ငံတို့က ကမ်းလှမ်းခဲ့ကြသည်။

မာလာဝီ ဒုတိယသမ္မတ ဆောလို့စ်ချီလီမာ နှင့် အဖွဲ့သည် အစိုးရဝန်ကြီးဟောင်းတစ်ဦးရဲ့ စျာပန တက်ရောက်ရန် လေယာဉ်ဖြင့် ထွက်ခွါလာခြင်း ဖြစ်သည်။

ဒုတိယသမ္မတ ဆောလို့စ်ချီလီမာသည် ၂၀၂၀ ခုနှစ် မှစ၍  ဒုတိယသမ္မတ တာဝန် ထမ်းဆောင်ခဲ့ပြီး လာဘ်စားမှု  စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း အစိုးရရှေ့နေများက စွဲချက်များကို ရုပ်သိမ်းလိုက်တဲ့အတွက် ဝေဖန်မှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။

 

Ref: Agencies

 

Most Read

Most Recent