ဘုရားသုံးဆူမြို့ရှိ မြန်မာ - ထိုင်း နယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက်ကြောင် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရ

ဘုရားသုံးဆူမြို့ရှိ မြန်မာ - ထိုင်း နယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက်ကြောင် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရ
Published 20 June 2024

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် ဇွန်လ ၁၇ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား ပိတ်ထားသည့်အတွက်ကြောင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပြီး စောင့်ဆိုင်းနေရကြောင်း ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား မည်သည့်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိကြရသေးကြောင်း နှင့် လက်ရှိတွင် မြန်မာနိုင်ငံဘက်ရော ထိုင်းနိုင်ငံဘက်မှာပါ ကုန်တင်ကား ရာနှင့်ချီပြီးစောင့်ဆိုင်းနေကြကြောင်း ကုန်သည်တစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပြီးခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့မှာက မြန်မာဘက်က နယ်စပ်အပေါက်တွေပိတ်လိုက်တယ်။ ပြီးတော့ ထိုင်းဘက်ခြမ်းကလည်း ထပ်ပိတ်လိုက်တော့ ကားအဝင်အထွက်တွေမရှိတော့ဘူး။ ပြန်ဖွင့်မယ့်အချိန်ကို စောင့်နေကြတယ် ဟုပြောကြားသည်။

ဘုရားသုံးဆူမြို့ရှိ မြန်မာ -ထိုင်း နယ်စပ်ဂိတ်များပိတ်ဆို့ထားကြသော်လည်း လတ်တလော တချို့မလွယ်ပေါက်များမှ ကုန်ပစ္စည်း တစ်ထမ်းစာလောက် ယူသွား၍ ရနေသေးကြောင်း မြို့ခံများထံမှ သိရသည်။

နောက်ဆက်တွဲသတင်းများအရ ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်များပြန်လည် ဖွင့်၊ မဖွင့်ကို  ဇွန်လ (၂၃) ရက် (စနေနေ့) တွင် သိရမည်ဖြစ်ကြောင်း ဘုရားဆူမြို့ ဒေသဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

ဘုရားသုံးဆူက နယ်စပ်ဂိတ်တွေကို ဆက်ပိတ်ထားမလား၊ ဒါမှမဟုတ် အရင်လို ပြန်ဖွင့်မလားဆိုတာကို လာမယ့် စနေနေ့ (ဇွန်လ (၂၃) ရက်) နေ့မှာ သိရလိမ့်မယ်လို့ ရုံးကို သတင်းပို့ထားတာရှိတယ်။ လာမယ့် စနေနေ့ကျမှ ဂိတ်တွေကို ပြန်ဖွင့်၊ မဖွင့် သိရမှာပါ ဟု ၎င်းဘုရားဆူမြို့ ဒေသဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

မြန်မာ - ထိုင်း နယ်စပ် မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ ကားလမ်းများ သွားလာ၍ အဆင်မပြေဖြစ်နေသည့်အချိန်တွင် ထိုင်းကုန်စည်းများ ဘုရားသုံးဆူမြို့ဘက်မှ တင်သွင်းလာကြကြောင်းလည်း ဘုရားသုံးဆူမြို့ခံများက ဆိုကြသည်။

မြဝတီဘက်က လမ်းကြောင်းတွေမကောင်းတော့၊ ဘုရားသုံးဆူဘက်ကို ထိုင်းဘက်က ကုန်ပစ္စည်းတွေ ဆင်းလာတာ အရင်ကထက်ပိုများလာတယ်။ ဒါပေမယ့်လည်း သုံးဆူ - ကြာအင်းဆိပ်ကြီး - မုဒုံ လမ်းပိုင်းအခြေအနေတွေအရ တံတားတွေ ရေကျော်နေလို့ လမ်းမှာ နှစ်ည၊ သုံးညအိပ်ပြီး သွားလာနေကြရတယ် ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။

ထိုင်း - မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်အပါအဝင် တရားမဝင်နယ်စပ်ကုန်သွယ်ရေးဂိတ် (၂၂) ခုကို ထိုင်း - မြန်မာ ဒေသအာဏာပိုင်များအချင်းချင်းနားလည်မှုဖြင့် ညှိနှိုင်းဖွင့်လှစ်ထားကြပြီး၊ အခြေအနေရ မကြာခဏ ပိတ်ခြင်း၊ ပြန်ဖွင့်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်းလည်း သိရသည်။

ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရများမှ တရားဝင်ဖွင့်လှစ်ပေးထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ တာချီလိတ် - မယ်ဆိုင်၊ မြဝတီ - မဲဆောက်၊ ထီးခီး - နမ့်ဖုရော် နှင့် ကော့သောင်း - ရနောင်း ဂိတ် (၄) ခုရှိပြီး၊ ယင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ  ပတ်စပို့ဖြင့်လည်းကောင်း၊ ယာယီခရီးသွားလာခွင့်လက်မှတ်ဖြင့်လည်းကောင်း အပြန်အလှန် သွားလာနိုင်ကြောင်း သိရသည်။

Most Read

Most Recent