အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် အပူချိန် ၄၉ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် အပူချိန် ၄၉ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်
မေ ၂၉ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ အိန္ဒိယဂိတ်တံခါးအနီး ထီးစောင်း၍ လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
မေ ၂၉ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ အိန္ဒိယဂိတ်တံခါးအနီး ထီးစောင်း၍ လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
Published 30 May 2024

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ရေပြတ်လတ်မှုများ ကြုံတွေ့နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားချိန်တွင် အပူချိန်သည် ၄၉ ဒသမ ၉ ဒီဂရီဆဲလ်စီးယက်အထိ စံချိန်တင် မြင့်တက်ခဲ့သည်ဟု သိရသည်။

နာရီလာနှင့် မန်ဂက်ရှ်ပူရရှိ ဒေလီဆင်ခြေဖုံး မိုးလေဝသဌာနနှစ်ခုတွင် မေ ၂၈ ရက်၌ စံချိန်တင်အပူချိန် တိုင်းထွာရရှိခဲ့ပြီး အိန္ဒိယ မိုးလေဝသဌာန(IMD)က အလွန်ပြင်းထန်သော အပူလှိုင်းဖြတ်သန်းနေကြောင်း ထုတ် ပြန်ခဲ့သည်။

မိုးလေဝသဗျူရိုကမူ အပူချိန်သည် ခန့်မှန်းချက်ထက် ကိုးဒီဂရီပိုမိုမြင့်တက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

လူဦးရေ သန်း ၃၀ ရှိသည့် နယူးဒေလီ မြို့တော်အတွက် မေ ၂၉ ရက်တွင် အလားတူ အပူချိန်ကြုံတွေ့နိုင် ကြောင်း မိုးလေဝသခန့် မှန်းသူများက ထုတ်ပြန်ထားပြီး အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားကာ ဒေသခံများအား ဂရုတစိုက်နေထိုင်ကြရန် သတိပေးထားသည်။

IMD ၏ အနီရောင်အဆင့် သတိပေးချက်သည် အသက်အရွယ်တိုင်းတွင် အပူကြောင့် နာမကျန်းမှုနှင့် အပူလျှပ် သည့် ဝေဒနာများကို ကြုံတွေ့ခံစားရနိုင်ဖွယ်ရှိကြောင်း သတိပေးချက်တစ်ရပ်ဖြစ်ပြီး ခံနိုင်ရည်အားနည်းသည့် သက်ကြီးရွယ်အိုများကို အထူးဂရုစိုက် စောင့်ရှောက်ပေးရန် လိုအပ်သည်ဟု အကြံပြုထားသည်။ “ညအချိန်မှာ တောင် အပူချိန်မြင့်တက်နိုင်ပါတယ်”ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အပူလှိုင်းသည် မေ ၃၀ ရက်မှစ၍ တဖြည်းဖြည်း လျော့ကျလာနိုင်ဖွယ်ရှိသည်ဟု IMD က ဆိုသည်။

၂၀၂၂ ခုနှစ် မေလတွင် ဒေလီမြို့ရှိနေရာအများအပြားတွင် အပူချိန်သည် ၄၉ ဒသမ ၂ ဒီဂရီဆဲလ်စီးယက်အထိ ရှိခဲ့သည်ဟု အိန္ဒိယမီဒီယာတွင် ထိုအချိန်က ဖော်ပြခဲ့သည်။

အိန္ဒိယတွင် နွေရာသီအပူချိန်မြင့်တက်မှုသည် ထူးခြားဖြစ်စဉ်တစ်ခုမဟုတ်ပေ။ သို့သော် နှစ်ပေါင်းများစွာကြာ သိပ္ပံဆိုင်ရာသု တေသနလေ့လာတွေ့ရှိချက်အရ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် အပူလှိုင်းများ ဖြတ်သန်းသည့် အချိန်ကာလကို ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်စေကာ မကြာခဏဖြတ်သန်းနိုင်စေကြောင်း တွေ့ရှိခဲ့သည်။

နယူးဒေလီမြို့တော်တွင် ရေပြတ်လတ်မှုအန္တရာယ်နှင့်ပတ်သက်၍ အာဏာပိုင်များက သတိပေးချက်ထုတ်ပြန် ထားကာ အချို့နေရာများတွင် ရေထောက်ပံ့ဖြန့်ချိမှုကို ဖြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် နေရာအများစုမှာ ရေထောက်ပံ့ဖြန့်ချိ နေမှုကို တစ်နေ့နှစ်ကြိမ်ကနေ တစ်နေ့တစ်ကြိမ်အထိ လျော့ကျတဲ့ လုပ်ဆောင်ချက်အပါအဝင် စီမံချက်အချို့ကို ချမှတ်ထားပါတယ်”ဟု ရေအရင်းအမြစ်ဝန်ကြီး အတစ်ရှ်မာလီနာက ပြောကြားခဲ့သည်။

ရေအလွန်ညစ်ညမ်းနေသည့် ယမုံနာမြစ်သည် ဒေလီမြို့တော်ကို ဖြတ်သန်းစီးဆင်းသော်လည်း နွေရာသီလများအတွင်း ရေစီးဆင်းမှု အလွန်လျော့ကျခဲ့သည်။

ဒေလီသည် အိမ်နီးချင်း ဟာရာနာနှင့် ဥတ္တရာပရာဒက်ရှ်ပြည်နယ်တို့မှ ရေကိုလုံးလုံး လျားလျားနီးပါး မှီခိုနေရပြီး ယင်းပြည်နယ်နှစ်ခုလုံးသည် စိုက်ပျိုးရေးပြည်နယ်များဖြစ်ပြီး ရေလိုအပ်ချက်မြင့်မားသည်။ လူအများစုက အပူချိန် ၅၀ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်ရှိသည့် ရာဂျက်စ်သန်ပြည်နယ်မှ လေပြင်းများတိုက်ခတ်မှုကြောင့် အပူချိန်မြင့်တက်နေခြင်းဖြစ်ကြောင်း ပြစ်တင်ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent