ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် နှစ်ပေါင်း ၈၀ ကျော်အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၆၀ နီးပါးအထိ မြင့်တက်

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် နှစ်ပေါင်း ၈၀ ကျော်အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၆၀ နီးပါးအထိ မြင့်တက်
မေ ၄ ရက်က ဘရာဇီးနိုင်ငံ ရီယို ဂရန်ဒီ ဒိုဆူလ်ပြည်နယ်တွင် ရေလွှမ်းမိုးနေသည့်နေရာမှ ဒေသခံများက ဘေးလွတ်ရာ ပြောင်းရွှေ့နေစဉ်
မေ ၄ ရက်က ဘရာဇီးနိုင်ငံ ရီယို ဂရန်ဒီ ဒိုဆူလ်ပြည်နယ်တွင် ရေလွှမ်းမိုးနေသည့်နေရာမှ ဒေသခံများက ဘေးလွတ်ရာ ပြောင်းရွှေ့နေစဉ်
Published 6 May 2024

ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် နှစ်ပေါင်း ၈၀ ကျော်အတွင်း အဆိုးရွားဆိုး ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများကြောင့် လူ ၅၇ ဦးထက် မနည်းသေဆုံးခဲ့ကာ လူပေါင်း ၇၀၀၀၀ နီးပါး အိမ်ပစ်ရာပစ် ထွက်ပြေးခဲ့ကြသည်ဟု ဘရာဇီး ပြည်သူ့ကာကွယ်ရေး အေဂျင်စီက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

ဆိုးရွားသည့် ရေလွှမ်းမိုးမှုများကြောင့် လူ ၇၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ ၆၇ ဦး ပျောက်ဆုံနေကြောင်း ထိုအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

သေဆုံးသူစာရင်းတွင် ပေါ်တိုအလီဂရီမြို့ရှိ ရေလွှမ်းမိုးနေသည့် ဂက်စ်ဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်အတွင်း သေဆုံးခဲ့သူနှစ်ဦးကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိကြောင်း အေအက်ဖ်ပီဂျာနယ်လစ်ဦးက ပြောကြားခဲ့သည်။

ရီယိုဂရန်ဒီ ဒိုဆူလ်ပြည်နယ်တွင် လျင်မြန်စွာမြင့်တက်နေသည့် ရေမျက်နှာပြင် အခြေအနေမျာသည် ရေကာတာများကို ဝန်ပိစေခဲ့ပြီး လူဦးရေ ၁ ဒသမ ၄ သန်းခန့်ရှိသည့် ပေါ်တိုအလီဂရီမြို့၏ စီးပွားရေးကို ခြိမ်း ခြောက်လျက်ရှိသည်။

ထိုမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ဂူအီဘာမြစ်၏ ရေမျက်နှာပြင်သည် ၅ ဒသမ ၀၄ မီတာ (၁၆ ဒသမ ၅ ပေ) အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

တာဝန်ရှိသူများက အရေးပေါ်အခြေအနေထုတ်ပြန်ထားကာ ပြည်နယ်ရှိ ရေကာတာ လေးခု ကျိုးပေါက်နိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။

ထို့ပြင် ဒေသခံ ၆၉၂၀၀ ခန့်ကို ၎င်းတို့၏ နေအိမ်မှ ဘေးလွတ်ရာ စွန့်ခွာကြရန် မြို့ပြ ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပြီး လူပေါင်း ၁ သန်းကျော်သည် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း ထုတ်ပြန် ခဲ့သည်။

ရီယိုဒီ ဂရန်ဒီ ဒိုဆူလ်ပြည်နယ်တွင် ရေလွှမ်းမိုးမှုအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးစား အစီအစဉ်တစ်ခု လိုအပ်လိမ့်မည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အီဒူရာဒို လိုင် တီက ပြောကြားခဲ့သည်။

နေရာဒေသအများစုတွင် လူအများအပြားသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ဘတ်စ်ကားများကို တန်းစီ စောင့်ဆိုင်းလျက်ရှိသည်။

ပေါ်တို အလီဂရီ နိုင်ငံတကာလေဆိပ်တွင် မေ ၃ ရက်မှစပြီး လေကြောင်းလိုင်းများ အားလုံးကို ဆိုင်းင့ံခဲ့သည်။

ပြည်နယ်တစ်ဝန်းရှိ မြို့အများအပြား၌ ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ကာ အုပ်ချုပ်ရေးမှူး လိုင်တီက ရီယိုဂရန်ဒီဒိုဆူလ်၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသဘာဝဘေးအန္တ ရာယ်တစ်ခုအဖြစ် ပြောကြားခဲ့သည်။

ဘရာဇီးသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗားကလည်း ရဟတ်ယာဉ်တစ်စင်းပေါ်မှ စစ်သားတစ်ဦးသည် အိမ်ခေါင်မိုး တစ်ခုပေါ်သို့ ဆင်းပြီး အိမ်ခေါင်မိုးကို အပေါက်ဖောက်ကာ အိမ်အတွင်းဘက်မှ စောင်ဖြင့် ပတ်ထာသည့် ကလေးငယ်တစ်ဦးအား ကယ်တင်နေသည့် ဗီဒီယိုကို လူမှုမီဒီယာတွင် တင်ခဲ့သည်။

ရပ်ကွက်အများစုသည် သောက်သုံးရေ မရရှိခြင်း၊ တယ်လီဖုန်းသို့မဟုတ် အင်တာ နက်လိုင်းများ ပြတ်တောက်မှုနှင့်ကြုံတွေ့နေရကာ လူပေါင်းသောင်းချီသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည်။

မေ ၂ရက်က သမ္မတ လူလာဒါဆေးလ်ဗားသည် ဆန်တာမာရီယာမြို့သို့ ရောက်ရှိလာခဲ့ကာ ပြည်နယ်တွင်ဖြစ်ပွားနေသည့် ဆိုးရွားသော ဝေဒနာများကို လျော့ပါးသက်သာစေရန် လူအင်အား သို့မဟုတ် ပစ္စည်းအရင်းအမြစ် ချို့တဲ့မှု မရှိစေရဟု ကတိပေးခဲ့သည်။

ဗဟိုအစိုးရက လမ်းများရှင်းလင်းခြင်း၊ အစားအစာများ၊ သောက်သုံးရေနှင့် အိပ်ရာများကို ဝေငှခြင်းနှင့် ယာယီအမိုးအကာများ စီစဉ်ပေးခြင်းတို့ကို ပြုလုပ်ရန် စစ်သား ၆၀၀ ကျော်ကို တပ်ဖြန့်စေလွှတ်ခဲ့ကာ လေယာဉ် များနှင့် လှေများကိုလည်း ပေးပို့ခဲ့သည်။

                             Ref:AP

Most Read

Most Recent