ဖိလစ်ပိုင်တွင် ဖြန့်ကြက်ထားသော အမေရိကန်၏ တာလတ်ပစ်ဒုံးလက်နက်စနစ်ကို ရုပ်သိမ်းမည်ဟု ဖိလစ်ပိုင်စစ်တပ် ပြောကြား

ဖိလစ်ပိုင်တွင် ဖြန့်ကြက်ထားသော အမေရိကန်၏ တာလတ်ပစ်ဒုံးလက်နက်စနစ်ကို ရုပ်သိမ်းမည်ဟု ဖိလစ်ပိုင်စစ်တပ် ပြောကြား
၂၀၂၃ ခုနှစ် ဧပြီလကပြုလုပ်သည့် အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု၌ ဒုံးကျည်စနစ်တစ်ခုကို ပစ်ခတ်နေစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် ဧပြီလကပြုလုပ်သည့် အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု၌ ဒုံးကျည်စနစ်တစ်ခုကို ပစ်ခတ်နေစဉ်(Photo: AFP)
Published 4 July 2024

နှစ်စဉ်ပြုလုပ်မြဲ ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် ဖိလစ်ပိုင်တွင် ဖြန့်ကြက်ထားသော အမေရိကန်၏ တာလတ်ပစ် ဒုံးလက်နက်စနစ်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြောခွင့်ရက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။

ယင်းဒုံးလက်နက်စနစ် ဖြန့်ကြက်မှုသည် တရုတ်ကို အမျက်ဒေါသထွက်စေခဲ့သည်။ Standard Missile 6(SM-6)နှင့်တိုမာဟော့ခ် မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်များပစ်ခတ်နိုင်သော တာလတ်ပစ်စွမ်းရည်ရှိ ဒုံး လက်နက်စနစ်ကို ဖိလစ်ပိုင်မြောက်ပိုင်းတွင် ဖြန့်ကြက်ထားသည်ဟု အမေရိကန်စစ်တပ်က ဧပြီလထဲတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များအား တိုင်ဖွန်းဒုံးလက်နက်စနစ် အသုံးပြုနည်းနှင့် ပြုပြင်ထိန်းသိမ်းနည်းတို့ကို သင်တန်းပို့ချထားသော်လည်း ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများတွင် အသုံးပြုမည်မဟုတ်ဟု ဖိလစ်ပိုင်စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးကြီး လူဝီဒယ်မာ- အာလာက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အစီအစဉ်အတိုင်းဆိုရင် စက်တင်ဘာ ဒါမှမဟုတ် အဲဒီထက်စောပြီး ဖိလစ်ပိုင်နိုင်ငံကနေ ပြန်သယ်ဆောင်သွားမှာဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။ အမေရိကန်စစ်တပ်အနေဖြင့် ဘာလီကာတန်နှင့် ဆာလက် နစ်ဘ်စစ်ရေးလေ့ကျင့်မှုများတွင် အသုံးပြုခဲ့သည့် ၎င်းတို့၏ စစ်လက်နက်ကိရိယာများကိုလည်း ပြန်လည်သယ်ဆောင်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဖိလစ်ပိုင်တွင် တာလတ်ပစ်ဒုံးလက်နက်စနစ် ဖြန့်ကြက်မှုသည် တရုတ်ကို အမျက်ဒေါသထွက်စေခဲ့သည်။ တောင်တရုတ်ပင်လယ် အရေး၊ အာရှ-ပစိဖိတ်ဒေသ၌ ပဲ့ထိန်းဒုံးကျည်များ ဖြန့်ကြက်မှုတို့နှင့် ပတ်သက်၍ တရုတ်၏သည်းခံမှုသည် အတိုင်းအတာရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး တုံကျွင်းက ဇွန်လထဲတွင် သတိပေးခဲ့သည်။

စင်ကာပူတွင် ကျင်းပသည့် ရှန်ဂရီဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့သတိပေးခြင်းသည် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကို ရည်ညွှန်းပြောဆိုနေသည်မှာ သိသာထင်ရှားနေသည်။ တရုတ်၏စစ်ရေးအင်အားနှင့် သြဇာလွှမ်းမိုးမှု ကြီးထွားလာစဉ် အမေရိကန်နှင့်ဖိလစ်ပိုင်တို့သည် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်လျက်ရှိသည်။

တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များ ဖြန့်ကြက်ခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

မကြာမီက နှစ်နိုင်ငံတာဝန်ရှိသူများ အကြား ဆွေးနွေးညှိနှိုင်းမှုများနှင့်အညီ တင်းမာမှုများကို လျှော့ချရန် သမ္မတဖာဒီနန် မားကို့စ်က ဖိလစ်ပိုင်စစ်တပ်ကို ညွှန်ကြားထားကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်စစ်တပ်သည် တရုတ်နှင့်တင်းမာမှု မြင့်တက်စေသည့် ပိုင်နက်အငြင်းပွားသောင်ခုံဆီသို့ ပုံမှန်ထောက်ပို့မစ်ရှင်များ ဆောင်ရွက်ရေးအပါအဝင် တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နည်းလမ်းအချို့ကို သမ္မတကြီးထံ တင်သွင်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာက သတင်းထောက်များကို ပြောကြားခဲ့သည်။

မဟာဗျူဟာအရ အရေးပါသော တောင်တရုတ်ပင်လယ်တွင် ကာလကြာမြင့်စွာ ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် ဖိလစ်ပိုင်နှင့် တရုတ်အကြား ဇူလိုင် ၂ ရက်က အဆင့်မြင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်။

ထို့ပြင် တရုတ်က ဖိလစ်ပိုင်ကို ဟိုက်ပါဆောနစ်ဒုံးကျည်များဖြင့်တိုက်ခိုက်ရန် စီစဉ်နေသည်ကို သိရှိထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် အထက်လွှတ်တော်အမတ်တစ်ဦးနှင့်လည်း ညှိနှိုှုင်းဆောင်ရွက်မည်ဟု ဘရော်နာက ဆိုသည်။ ၎င်းသည် လက်ရှိသမ္မတမားကို့စ်၏ အစ်မဖြစ်သူ အီမီမားကို့စ်ဖြစ်သည်။

Ref: AFP, Reuters

Most Read

Most Recent