မြန်မာအသင်းမှာ အိမ်ကွင်းတွင် ဆီးရီးယားအသင်းကို သရေကစားပြီး အံ့အားသင့်ဖွယ်လုပ်ဆောင်ထားသည်ကို မမေ့သင့်ဟု NK News ဖော်ပြ

မြန်မာအသင်းမှာ အိမ်ကွင်းတွင် ဆီးရီးယားအသင်းကို သရေကစားပြီး အံ့အားသင့်ဖွယ်လုပ်ဆောင်ထားသည်ကို မမေ့သင့်ဟု NK News ဖော်ပြ
Photo: AFC
Photo: AFC
Published 10 June 2024

မြန်မာ့လက်ရွေးစင်အသင်းမှာ ပြီးခဲ့သည့်မတ်လအတွင်းက အိမ်ကွင်းတွင်  ဆီးရီးယားလက်ရွေးစင်အသင်းကို သရေကစားပြီး အံ့အားသင့်ဖွယ်လုပ်ဆောင်ထားသည်ကို မမေ့သင့်ဟု NK News သတင်းဌာနက ဖော်ပြခဲ့သည်။

NK News သတင်းဌာနဆိုသည်မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အခြေစိုက်ထားပြီး မြောက်ကိုရီးယားသတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြနေသည့် မီဒီယာဖြစ်ကြောင်း သိရသည်။

ကိုရီးယားဘောလုံးရေးရာကျွမ်းကျင်သူ စတိဗ်ပရိုက်စ်၏ မြောက်ကိုရီးယားအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲကြိုသုံးသပ်မှုကို NK News သတင်းဌာနက မေးမြန်းကာ ဖော်ပြထားခြင်းဖြစ်သည်။

ကိုရီးယားဘောလုံးရေးရာကျွမ်းကျင်သူ စတိဗ်ပရိုက်စ်က '' မြန်မာအသင်းက ပြီးခဲ့တဲ့မတ်လတုန်းက ဆီးရီးယားအသင်းကို သရေကစားပြီး အံ့အားသင့်အောင် စွမ်းဆောင်ထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအသင်းက လာအိုနိုင်ငံမှာ အပြည့်အဝ အနားယူချိန်ရထားပါတယ်။ မြောက်ကိုရီးယားအသင်းအတွက်တော့ ကြားကွင်းဆိုပေမဲ့ ဒါက ပုံမှန်အိမ်ကွင်းကစားသလို အခွင့်အရေးတွေ အသာရထားပါတယ်။ မြောက်ကိုရီးယားအသင်းက လာအိုမှာ မြန်မာအသင်းကို အနိုင်ရလိမ့်မယ်လို့မျှော်လင့်နိုင်ပါတယ်။ ဆီးရီးယားအသင်းက ဂျပန်နိုင်ငံကို ခရီးသွားထားရပါတယ်။ ဒါဟာ မြောက်ကိုရီးယားအသင်းအတွက် ကံကြမ္မာအလေးသာမှုပါပဲ''ဟု  NK News သတင်းဌာနသို့ ပွဲကြိုသုံးသပ်ပြောကြားထားခြင်း ဖြစ်သည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု (B) တွင် ဂျပန်အသင်းက (၅) ပွဲနိုင်၊ (၁၅) မှတ်ဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်သို့ တက်ရောက်နိုင်ပြီဖြစ်ပြီး  လက်ကျန်တစ်နေရာ(အုပ်စုဒုတိယ) အတွက် ဆီးရီးယားအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့မှာ အပြိုင်ဖြစ်နေသည်။

လက်ရှိတွင် ဆီးရီးယားအသင်းက (၅) ပွဲကစား၊ (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၇) မှတ်၊ မြောက်ကိုရီးယားအသင်းက (၅) ပွဲကစား၊ (၂) ပွဲနိုင်၊  (၃) ပွဲရှုံး၊ ရမှတ်(၆) မှတ်၊ မြန်မာအသင်းက (၅) ပွဲကစား၊ (၁) ပွဲသရေ၊ (၄) ပွဲရှုံး၊ ရမှတ်(၁) မှတ် ရရှိထားသည်။

ထို့ကြောင့် ဆီးရီးယားအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့မှာ နောက်တစ်ဆင့်တက်ရေးအတွက် အုပ်စုနောက်ဆုံးပွဲများကို မဖြစ်မနေအနိုင်ကစားရန်လိုအပ်နေသည်။

အုပ်စုနောက်ဆုံးပွဲများအဖြစ် ဇွန် ၁၁ ရက်(ယနေ့) မြန်မာစံတော်ချိန် ည(၇) နာရီခွဲတွင် မြောက်ကိုရီးယားအသင်းနှင့် မြန်မာအသင်းတို့မှာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင်လည်းကောင်း၊ ဂျပန်အသင်းနှင့် ဆီးရီးယားအသင်းတို့မှာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင်လည်းကောင်း အဆုံးအဖြတ်ပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းသည် မြောက်ကိုရီးယားအသင်းနှင့် တွေ့ဆုံခဲ့သည့် ပထမအကျော့အိမ်ကွင်းပွဲတွင် (၁-၆) ဂိုးဖြင့် အရေးနိမ့်ထားပြီး ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent