ဟစ်ဇဘိုလာအဖွဲ့တည်ရှိသည့် အိမ်နီးချင်း လက်ဘနွန်နိုင်ငံကို ကျောက်ခေတ်သို့ ပြန်ပို့ပစ်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက အမေရိကန်ခရီးစဉ်တွင် ပြောကြား

ဟစ်ဇဘိုလာအဖွဲ့တည်ရှိသည့် အိမ်နီးချင်း လက်ဘနွန်နိုင်ငံကို ကျောက်ခေတ်သို့ ပြန်ပို့ပစ်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက အမေရိကန်ခရီးစဉ်တွင် ပြောကြား
အစ္စရေးကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး(ယာ)တို့ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုမှု ခံယူနေပုံကို ဇွန် ၂၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
အစ္စရေးကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး(ယာ)တို့ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုမှု ခံယူနေပုံကို ဇွန် ၂၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 27 June 2024

အစ္စရေးနှင့်လက်ဘနွန်တို့ စစ်ဖြစ်သည့် အခါ စစ်ပွဲသည် အလွန်ဆိုးရွားနိုင်သည်ဟု ကုလသမဂ္ဂ၏လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲက သတိပေးပြောကြားလိုက်စဉ် အစ္စရေးသည် အိမ်နီးချင်းလက်ဘနွန်တွင် စစ်ပွဲဖြစ်ပွားသည်ကိုအလိုမရှိဟုဆိုသော်လည်း အစ္စရေးကလက်ဘနွန်ကိုကျောက် ခေတ်သို့ပြန်ပို့ပစ်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြုဟစ်ဇဘိုလာတို့သည်အောက်တိုဘာ ၇ ရက်တွင် ဂါဇာစစ်ပွဲ စတင်ကတည်းကနေ့စဉ် နီးပါးနယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများရှိနေခဲ့သည်။ ဟစ်ဇဘိုလာသည် ဟားမာ့စ်၏မဟာမိတ်ဖြစ်သည်။

ဟစ်ဇဘိုလာနှင့်အစ္စရေးတို့သည် တင်းမာမှုများ၊ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများ မြင့်တက်နေသည်မှာ သီတင်းသုံးပတ်ကျော်ကြာမြင့်နေပြီဖြစ်၍ နိုင်ငံအများအပြားပါဝင် လာသောအရှေ့အလယ်ပိုင်းစစ်ပွဲဖြစ်ပွား မည့်အရေးကို စိုးရိမ်ပူပန်မှုများတိုးလာနေသည်။

ဟစ်ဇဘိုလာသည် ဂါဇာစစ်ပွဲနှင့်အပြိုင် အစ္စရေးနှင့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသည်မှာ ရှစ်လကျော်ရှိပြီဖြစ်သည်။ အီရန်ကျောထောက်နောက်ခံပြုဟစ်ဇဘိုလာအဖွဲ့က အစ္စရေးနယ်မြေထဲရှိ အရေးကြီးသော စစ်ရေးနေရာများကို ဒရုန်းဖြင့်ရိုက်ထားသော ပုံများအား ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရန်သူများဖြစ်ကြသော အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမည်ဆိုပါက အစ္စရေးနိုင်ငံရှိမည်သည့်နေရာမဆို လုံခြုံလိမ့်မည်မဟုတ်ဟု လက်ဘနွန်၏ဟစ်ဇဘိုလာအဖွဲ့အကြီးအကဲ ဆာယက်ဟာဆန်နာဆရယ်က ဇွန် ၁၉ ရက်တွင် ပြောကြားလိုက်ပြီး ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံဖြစ်သောဆိုက်ပရက်စ်ကိုလည်း ပထမဆုံးအကြိမ် ခြိမ်းခြောက်ခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်သည် ၀ါရှင်တန်ကိုရောက်ရှိနေချိန် ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့ရာ၌ ၎င်း၏နိုင်ငံသည် လက်ဘနွန်ကိုကျောက်ခေတ်သို့ ပြန်ပို့ပစ်နိုင်သည်ဆိုသော်လည်း ၎င်းတို့သည် ယင်းသို့မလုပ်ချင်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့က စစ်ပွဲကိုအလိုမရှိပါဘူး။ ဒါပေမဲ့ကျွန်တော်တို့ဟာ အနာဂတ်ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်နေပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“စစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ လက်ဘနွန်ကို ကြီးကြီးမားမားပျက်စီးသွားအောင်လုပ်နိုင်တယ်ဆိုတာ ဟစ်ဇဘိုလာက ကောင်းကောင်းနားလည်ပါတယ်” ဟုအစ္စရေးကာကွယ်ရေးဝန်ကြီးကဆက် လက်ပြောကြားခဲ့သည်။

အစ္စရေးကို အဓိကထောက်ခံထားသည့် အမေရိကန်နိုင်ငံသည် နောက်ဆုံးဖြစ်လာနိုင်ဖွယ်ရာအခြေအနေကို ရှောင်ရှားရေး အတွက်စိတ်အားထက်သန်လျက်ရှိသည်ဟု ဆိုသည်။

“၀ါရှင်တန်ဟာ အစ္စရေး၊ လက်ဘနွန်၊ အခြားသူတွေနဲ့ အကြိတ်အနယ်ဖြစ်လုနီးနီး ဆွေးနွေးနေတာတွေရှိပါတယ်။ပဋိပက္ခကြီး ကိုဘယ်သူ့ဘက်ကမှ မလိုချင်ဘူးဆိုတာယုံပါတယ်ဟု အမေရိကန် တာဝန်ရှိသူကပြော ကြားခဲ့သည်။ ဟစ်ဇဘိုလာနှင့် စစ်ဖြစ်မည်ဆိုပါက အရှေ့အလယ်ပိုင်းအတွက် မကောင်းသော အကျိုးဆက်များရှိလာနိုင်သည်ဟု ဆိုသည်။                                              

Ref: AFP

Most Read

Most Recent