ဒေါ်နယ်ထရန့်က စည်းရုံးရေးပွဲ၌ ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ထိုးနှက်ဝေဖန်ခဲ့ပြီး အစွန်းရောက် လက်ဝဲဝါဒီ အရူးဟု ပြောကြား

ဒေါ်နယ်ထရန့်က စည်းရုံးရေးပွဲ၌ ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ထိုးနှက်ဝေဖန်ခဲ့ပြီး အစွန်းရောက် လက်ဝဲဝါဒီ အရူးဟု ပြောကြား
မြောက်ကာရိုလိုင်းနားတွင်ပြုလုပ်ခဲ့သည့် စည်းရုံးရေးပွဲ၌ ဒေါ်နယ်ထရန့် မာန်ပါပါပြောကြားနေပုံကို ဇူလိုင် ၂၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
မြောက်ကာရိုလိုင်းနားတွင်ပြုလုပ်ခဲ့သည့် စည်းရုံးရေးပွဲ၌ ဒေါ်နယ်ထရန့် မာန်ပါပါပြောကြားနေပုံကို ဇူလိုင် ၂၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 25 July 2024

ဒေါ်နယ်ထရန့်သည် ဇူလိုင် ၂၄ ရက် စည်းရုံးရေးပွဲတွင် အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်ကို တရစပ် ထိုးနှက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာရွေးကောက်ပွဲအတွက် တရားဝင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကာမလာဟဲရစ် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်လာပြီးနောက်ပိုင်း ထရန့်က ၎င်း၏ပထမဆုံးမဲဆွယ်စည်းရုံးရေးပွဲ၌ ဟဲရစ်အား အစွန်းရောက် လက်ဝဲဝါဒီအရူးဟု ပြောဆိုတိုက်ခိုက်ခဲ့သည်။

ကိုယ်ဝန်ဖျက်ချမှုများဘက်မှ ရပ်တည်သူဖြစ်သောကြောင့် ဟဲရစ်သည် မွေးကင်းစကလေးများ သုတ်သင်ခြင်းကို လိုလားသူဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့သည်။

“သူဟာ ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးမယ့် အစွန်းရောက်လက်ဝဲဝါဒီ အရူးဖြစ်ပါတယ်”ဟု သမ္မတဟောင်းလည်းဖြစ် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကင် ပါတီကိုကိုယ်စားပြုယှဉ်ပြိုင်မည့် သမ္မတလောင်းလည်းဖြစ်သော ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အဲဒါကိုဖြစ်ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု ၎င်းက မြောက်ကာရိုလိုင်းနားတွင် လူအုပ်ကြီးကို ပြောကြားခဲ့သည်။ ယင်းသို့ပြောကြားရာတွင် ထရန့်သည် ဟဲရစ်၏ပထမအမည်ကို အကြိမ်ကြိမ် အသံထွက် မှားခဲ့သည်။

သမ္မတအဖြစ် ပြန်လည်အရွေးခံတော့မည်မဟုတ်ဟူသော သမိုင်းဝင်ဆုံးဖြတ်ချက်ကိုချခဲ့သည့် သမ္မတဂျိုးဘိုင်ဒင်၏ ထောက်ခံပေးမှုဖြင့် အသက် ၅၉ နှစ်အရွယ် ဟဲရစ်က မဲဆွယ်စည်းရုံးရေးဆင်းနေချိန်တွင် ထရန့်၏ တိုက်ခိုက်ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အသက် ၇၈ နှစ်အရွယ် ထရန့်သည် ဘိုင်ဒင်၏အသက်အရွယ်ကို တိုက်ခိုက်ပြောဆိုခဲ့သူဖြစ်သော်လည်း ယခုအခါ ၎င်းသည် အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံး သမ္မတလောင်းဖြစ်လာသောကြောင့် အသက် အရွယ်နှင့်ပတ်သက်၍ ဝေဖန်တိုက်ခိုက်ခံနေရသည်။

ဇူလိုင် ၂၄ ရက်တွင် ထရန့်သည် ဟဲရစ်ကို ရည်ရွယ် တိုက်ခိုက်လာခဲ့သည်။

“သူဟာ ဘိုင်ဒင်ရဲ့မစွံတဲ့လုပ်ရပ်တိုင်းရဲ့နောက်ကွယ်က အစွန်းရောက် လစ်ဘရယ် မောင်းနှင်အားဖြစ်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

“လိမ်ပြောနေသော ကာမလာ”ဟုအမည်တပ်ခြင်းမှသည် နယ်စပ်ကိစ္စများနှင့် ပတ်သက်၍ ကာမလာဟဲရစ်၏မှတ်တမ်းများအထိ ဒုတိယသမ္မတအဖြစ်ဟဲရစ်လုပ်ဆောင်ခဲ့သောအရာများက လူ့အသိုင်းအဝိုင်းကို ရွှေ့ပြောင်းရာဇဝတ်မှုများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သည်ဟု ထရန့်ကပြောကြားခဲ့ပြီး ဟဲရစ်သည် ဦးဆောင်ရန်သင့်လျော်သူ မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့အပြင် ထရန့်သည် နိုင်ငံရေးအရ ပေါက်ကွဲလွယ်သော ကိုယ်ဝန်ဖျက်ချမှုကိစ္စကိုလည်း ပြောကြားခဲ့သည်။ ဟဲရစ်သည် မဲဆွယ်စည်းရုံးရေးပွဲများတွင် ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စကိုလည်းကောင်း၊ မိမိ၏ကိုယ်ပိုင်ကလေးကို ထိန်းချုပ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်းကိုလည်းကောင်း အလေးပေးဟောပြောခဲ့သည်။

“ကိုယ်ဝန် ရှစ်လနဲ့ကိုးလတို့မှာ သူကကိုယ်ဝန်ဖျက်ချတာတွေကို အလိုရှိနေပါတယ်။ ဒါဟာ ကလေးမွေးချိန်အထိရော၊ ကလေးမွေးပြီးတဲ့နောက်ရော ကလေးကို သုတ်သင်တာအထိ သူ့အတွက်အဆင်ပြေပါတယ်”ဟု ထရန့်က ဆက်လက်ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များသည် ဒီမိုကရေစီမဆန်သောနည်းဖြင့် ဘိုင်ဒင်ကို ထုတ်ပစ်ခဲ့သည်ဟု ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“အခုတော့ ကျွန်တော်တို့ဟာ အနိုင်ယူရမယ့် သားကောင်သစ်ရှိနေပါပြီ”ဟု ထရန့်က ပြောကြားခဲ့သည်။“ကျွန်တော်တို့က လူထုစစ်တမ်းတွေမှာ သူ့(ဟဲရစ်)ကို ၁၀ မှတ်၊ ၁၅ မှတ်လောက်နဲ့စပြီး နိုင်နေပြီဆိုရင် သူတို့ဟာ တတိယမြောက်ကိုယ်စားလှယ်လောင်းကို ရွေးမှာလား”ဟု ၎င်းက ဖြည့်စွက်ပြော ကြားခဲ့သည်။

Ref: AFP

Most Read

Most Recent