တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ တိုက်မိမှုဖြစ်ပွား

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ တိုက်မိမှုဖြစ်ပွား
Published 19 August 2024
Ref:AFP

တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သောင်ခုံအနီးတွင် သြဂုတ် ၁၉ ရက်က တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ တိုက်မိခဲ့ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် တရုတ်နှင့် အငြင်းပွားနေသည့် Second Thomas သောင်ခုံအနီးတွင် စစ်သင်္ဘောအပျက်တစ်စီးကို ကျောက်ချရပ်နားထားပြီး ထိုသင်္ဘောပေါ်တွင် စစ်သားအနည်းငယ်ဖြန့်ကြက်ချထားမှုအပါအဝင် မကြာသေးမီလများအတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား တောင်တရုတ်ပင်လယ်အတွင်း ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားခဲ့သည်။

တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်၏ ကြေညာချက်သည် တရားရေးအရ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာအနုညတခုံရုံးက စီရင်ချက်ချခဲ့သည့်တိုင် တရုတ်သည် နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ကြေညာချက်များကို ဆက်လက်ထုတ်ပြန်လျက်ရှိသည်။

သြဂုတ် ၁၉ ရက် နံနက်အစောပိုင်းက ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် တရုတ်သင်္ဘောကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကန်းယုက ပြောကြားခဲ့သည်။

“ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောတွေဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ နန်ရှားကျွန်းစုရဲ့ ရှန်ပင်ကျောက်တန်းအနီးက ရေပြင်တွေထဲကို တရားမဝင်ဝင်ရောက်လာခဲ့ပါတယ်” ဟု ကန်းက ပြောကြားခဲ့သည်။

တရုတ်သည် ဆာဘီနာသောင်ခုံကို ရှန်ပင်းကျောက်တန်းဟု ခေါ်ဆိုပြီး စပရက်တလေကျွမ်းစုကို နန်ရှားကျွန်းစုဟူ၍ သုံးနှုန်းပြောဆိုခဲ့သည်။

“တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဥပဒေနဲ့အညီ ဖိလစ်ပိုင်သင်္ဘောတွေကို ထိန်းချုပ်ကိုင်တွယ်ခဲ့ပါတယ်” ဟု ကန်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောအနီးသို့ ရောက်ရှိချိန်တွင် ရုတ်တရက်လမ်းကြောင်း ပြောင်းလဲလိုက်သသဖြင့် သင်္ဘောချင်းတိုက်မိခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာ အမျိုးသားအထူးလုပ်ငန်းအဖွဲ့ကမူ တရုတ်သင်္ဘောများနှင့် ဝင်တိုက်မိခဲ့သဖြင့် ၎င်းတို့ကမ်းခြေစောင့်သင်္ဘောနှစ်စင်း ထိခိုက်သွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်သည် ဆာဘီနာသောင်ခုံအနီးတွင် တရုတ်သင်္ဘောများ၏ တရားမဝင်ဘဲ ရန်လိုသည့် လှုပ်ရှားမှုများ ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနှစ်စင်း၏ ကိုယ်ထည်များတွင်  ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

တရုတ်သည် ဖိလစ်ပိုင်၏ ပါလာဝမ်ကျွန်းအနောက်ဘက် ကီလိုမီတာ ၁၄၀ (၈၆ မိုင်) အကွာတွင်တည်ရှိသည့် ဆာဘီနာသောင်ခုံကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတုတစ်ခု တည်ဆောက်မည့်အခြေအနေအပေါ် ဖိလစ်ပိုင်က စိုးရိမ်နေမှုနှင့်အတူ မကြာသေးမီလများအတွင်း နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားခဲ့သည်။

Most Read

Most Recent