သက်ဆင်၏သမီး ပေတုန်တန်ရှင်နာဝပ် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာ

သက်ဆင်၏သမီး ပေတုန်တန်ရှင်နာဝပ် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာ
သြဂုတ်  ၁၆ ရက်က ဘန်ကောက်မြို့တော်ရှိ ဒေသခံမီဒီယာဖြစ်သည့် Voice Tv တွင် ဂျာနယ်လစ်များနှင့်တွေ့ဆုံနေသည့် ဖြူထိုင်းပါတီခေါင်းဆောင် ပေတုန်တန်ရှင်နာဝပ်ကို တွေ့ရစဉ်(Photo:AFP)
သြဂုတ်  ၁၆ ရက်က ဘန်ကောက်မြို့တော်ရှိ ဒေသခံမီဒီယာဖြစ်သည့် Voice Tv တွင် ဂျာနယ်လစ်များနှင့်တွေ့ဆုံနေသည့် ဖြူထိုင်းပါတီခေါင်းဆောင် ပေတုန်တန်ရှင်နာဝပ်ကို တွေ့ရစဉ်(Photo:AFP)
Published 16 August 2024

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (၃၇ နှစ်)ကို လွှတ်တော်အမတ်များက သြဂုတ် ၁၆ ရက်တွင် ဝန်ကြီးချုပ်အဖြစ်မဲပေးရွေးချယ်ခဲ့ပြီး ပေတုန်တန်သည် ထိုင်း နိုင်ငံ၏ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ပေတုန်တန်၏ ဖခင်ဖြစ်သူ သက်ဆင်နှင့် အဒေါ်ဖြစ်သူ ယင်းလပ်ရှင်နာဝပ်တို့သည်လည်း ဝန်ကြီးချုပ် ဟောင်းများဖြစ်ခဲ့သဖြင့် ပေတုန်တန်သည် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့သည့် တတိယမြောက် ရှင်နာဝပ်မိသားစုဝင်ဖြစ်လာခဲ့ကာ ယင်းလပ်ပြီးလျှင် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။

ထိုုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ယခင်ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းကို ပြစ်မှုဆိုင်ရာ စီရင်ချက်ဖြင့် ရာထူးမှဖယ်ရှားခဲ့ပြီးနောက် ပေတုန်တန်သည် ဆရီထာ၏ နေရာကို အစားထိုး တာဝန်ထမ်းဆောင်ရန် မဲပေးရွေးချယ်ခံခဲ့ရသည်။

သြဂုတ် ၁၄ ရက်က ဆရီထာ၏ ရာထူးမှ ဖယ်ရှားခံရသည့်ဖြစ်စဉ်သည် စစ်တပ်၊ ဘုရင်စနစ်လိုလားသည့် အင်အားစုနှင့် သက်ဆင်နှင့် ဆက်နွှယ်မှုရှိသည့် ပေါ်ပြူလစ်ပါတီများအကြား ကာလကြာရှည် အားပြိုင်မှု အတွင်း နောက်ဆုံးဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

ဆရီသာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် သက်တမ်းတစ်နှစ်မပြည့်မီအချိန်မှာပင် ရာထူးက ဖယ်ရှားခံခဲ့ရခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ရာထူးမှဖယ်ရှားခံရသည့် တတိယမြောက် ဖြူထိုင်းပါတီဝန်ကြီးချုပ် ဖြစ်သည်။

ဖြူထိုင်းပါတီသည် လစ်လပ်နေသည့် ဝန်ကြီးချုပ်ရာထူးနေရာအတွက် အစားထိုးရန် ပေတုန်တန်ကို သြဂုတ် ၁၅ ရက် နှောင်းပိုင်းက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်တွင်း တတိယအင်အား အကြီးဆုံးပါတီဖြစ်သည့် Bhumjaithai ပါတီကလည်း ဖြူထိုင်းပါတီက အဆိုပြုတင်သွင်းသည့် ကိုယ်စားလှယ်လောင်းကို ထောက်ခံမည်ဟု သဘောတူခဲ့သည်။

ပေတုန်တန်သည် သက်ဆင်မိသားစု၏ စီးပွားရေးလုပ်ငန်းများထဲမှ ဟိုတယ်လုပ်ငန်းများကို ဦးဆောင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် တွင် နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲတွင် ၎င်း၏ ဖြူးထိုင်းပါတီသည် ဒုတိယနေရာ အများဆုံးရရှိခဲ့သည်။

ထိုရွေးကောက်ပွဲတွင် နိုင်ငံအတွင်း တင်းကျပ်စွာ ပြဋ္ဌာန်းထားသည့် တော်ဝင်အသရေဖျက်မှု ဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် ကတိကဝတ်နှင့်အတူ လူထုထောက်ခံမှုကိုရရှိခဲ့ပြီး နေရာအများဆုံး အနိုင်ရရှိခဲ့ သည့် Move Forward ပါတီသည် အထက်လွှတ်တော်၏ တားမြစ်ပိတ်ပင်မှုကြောင့် အစိုးရဖွဲ့နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ထို့ပြင် သြဂုတ် ၇ ရက်က  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် လူငယ်ဒီမိုကရေစီ တက်ကြွလုပ်ရှားသူများ ၏ တပ်ဦးဖြစ်ပြီး လူငယ်များ၏ ထောက်ခံမှုကို တစ်ခဲနက်ရရှိထားသည့် Move Forwardပါတီကို ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ပါတီ၏ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်များကို နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့သည်။

တော်ဝင်အသရေဖျက်မှု ဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုသည့်ပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်သည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းမှုဟု သတ်မှတ်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီကိုဖျက်သိမ်းရန် စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။

Ref:AFP

                                               

Most Read

Most Recent