ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည်ဟု ယာယီအစိုးရ ပြောကြား

ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည်ဟု ယာယီအစိုးရ ပြောကြား
ဇူလိုင် ၁၈ ရက်က ဒါကာမြို့တော်တွင် ဆူပူအုံကြွမှုများဖြစ်ပွားနေစဉ်(Photo:AFP)
ဇူလိုင် ၁၈ ရက်က ဒါကာမြို့တော်တွင် ဆူပူအုံကြွမှုများဖြစ်ပွားနေစဉ်(Photo:AFP)
Published 16 August 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာကို ရာထူးမှပြုတ်ကျစေခဲ့သည့် ဆူပူအုံကြွမှုများအတွင်း ကြမ်းကြုတ်ရက်စက်သည့် လုပ်ရပ်များကို စုုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ၏ အဖွဲ့တစ်ဖွဲ့က နိုင်ငံအတွင်းသို့ ရောက်ရှိလာလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့က သြဂုတ် ၁၅ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လနှင့် ယခုလအစောပိုင်းတွင်ဖြစ်ပွားခဲ့သည့် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြမှုအတွင်း ကျူးလွန်ခဲ့သည့် ကြမ်းကြုတ် ရက်စက်မှုလုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာမည့်သီတင်းပတ်တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုအဖွဲ့စေလွှတ်ရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗိုလ်ကာတာ့ခ်နှင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်တို့က သြဂုတ် ၁၄ ရက်က တယ်လီဖုန်းဆက်သွယ်ပြောဆို မှုအတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေ ရေးအဖွဲ့သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသွားမည်ဟုလည်း ဆိုသည်။

ဟာဆီနာ၏ အစိုးရအဖွဲ့သည် ၁၅ နှစ် ကြာအာဏာသက်တမ်းအတွင်း နိုင်ငံရေးပြိုင်ဘက်များကို တရားမဝင်သတ်ဖြတ်မှုနှင့် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုအတွင်း ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနှင့် ၎င်း၏အစိုးရအဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူ ခြောက်ဦးကို လူသတ်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

၎င်းကိို ရာထူးမှပြုတ်ကျစေခဲ့သော သီတင်းပတ်များနှင့်ချီကာ ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့သည်။

“ရှိတ်ဟာဆီနာနဲ့ နောက်ထပ်ခြောက်ဦးကို အမှုဖွင့်တိုင်ကြားထားပါတယ်”ဟု သေဆုံးသူကိုယ်စား အမှုဖွင့်တိုင်ကြားခဲ့သည့် ရှေ့နေဖြစ်သူ မာမန်မီယာက ဆိုသည်။

၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာသည် ၂၀၀၉ ခုနှစ်ကတည်းက အာဏာရယူခဲ့ခြင်း ဖြစ်သော်လည်း ဇန်နဝါရီလ ရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ထို့ပြင် အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ် ကျောင်းသားများဦးဆောင်၍ အကြီးအကျယ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဟာဆီနာကို ရာထူးမှနုတ်ထွက်ပေးရန် လူသန်းနှင့်ချီ လမ်းပေါ် ထွက်၍ ဆန္ဒပြခဲ့သည်။

ဟာဆီနာ ရာထူးမှဖြုတ်ချခံရပြီး သုံးရက်အကြာတွင် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်သည် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ရန် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်း ဆောင်အဖြစ် တာဝန်ယူခဲ့သည်။

သြဂုတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ၎င်း၏အိမ်တော်ကို စွန့်ခွာထွက်ပြေးသွားပြီး နောက် ဆန္ဒပြသူများက ၎င်း၏အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။ ၇၆ နှစ်အရွယ် ဟာဆီနာသည် လွန် ခဲ့သည့် သီတင်းပတ်က ရာထူးမှနုတ်ထွက်ပြီး အိမ်နီးချင်း အိန္ဒိယသို့ ရဟတ်ယာဉ်ဖြင့် ထွက် ပြေးသွားခဲ့ပြီးနောက် ၎င်း၏ ၁၅ နှစ်ကြာ အာဏာသက်တမ်း အဆုံးသတ်သွားခဲ့သည်။

Ref:AFP

                                             

Most Read

Most Recent