ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ ရိုးရာအတိုင်း ကျင်းပမည်

ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ ရိုးရာအတိုင်း ကျင်းပမည်
■ပုံစာ - ၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့သည့် ချိုးရေတော်သုံးအခမ်းအနားအား တွေ့ရစဉ်(Photo: သက်ထွန်းအောင်)
■ပုံစာ - ၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့သည့် ချိုးရေတော်သုံးအခမ်းအနားအား တွေ့ရစဉ်(Photo: သက်ထွန်းအောင်)
Published 16 August 2024

အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ အင်းဝမင်းကြီးစွာစော်ကဲတည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင်ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်နတ်ပွဲကို ရိုးရာအတိုင်း ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့စတင်ကာ ကျင်းပသွားမည် ဖြစ်ကြောင်း ရတနာဂူဂေါပကအဖွဲ့ထံမှ သိရသည်။

"ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ကနေ ဝါခေါင်လကွယ်နေ့ထိ ရိုးရာအတိုင်းပဲ ကျင်းပသွားမှာပါ။ ဖွင့်ပွဲက ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ နံနက် ၉ နာရီမှာ ဖွင့်ပွဲလုပ်မှာပါ။ ၈ ရက် ၉ ရက် နေ့က တက်ပွဲတွေပါ။ ၁၀ ရက်နေ့က ချိုးရေတော်သုံး အခမ်းအနားပါ။ ချိုးရေတော်သုံးကို နတ်နန်းရှေ့မှာဘဲ ပြုလုပ်သွားမှာပါ။ သံဃာဆွမ်းလောင်းပွဲက ဝါခေါင်လကွယ် နံနက် ၇ နာရီအချိန်မှာ သံဃာအပါး ၁၅၀ ကို ဆွမ်းလောင်းသွားမှာပါ။ ဆိုင်ခန်းအရေအတွက်က အကြီးအသေး ၅၀ ဝန်းကျင်လောက်ရှိပါတယ်" ဟု ရတနာဂူ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရတနာဂူဘုရားပွဲနှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲသည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှ စတင်ကာ နတ်ညီလာခံများ၊ ၈ ရက်နှင့် ၉ ရက်များတွင် တက်ပွဲနှင့် ချော့ပွဲများ၊ ၁၀ ရက်နေ့တွင် ချိုးရေတော်သုံးအခမ်းအနား ၊ ၁၁ ရက် ၁၂ ရက် ၁၃ ရက်များတွင် တက်ပွဲများနှင့် ၁၄ ရက် တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ကြီးပြန်ပို့ပွဲများ ကျင်းပလေ့ရှိကြောင်းနှင့် သမိုင်းဝင် ရတနာ့ဂူမြတ်စွာဘုရားပွဲတော်ကို ဝါခေါင်လကွယ်နေ့ နံနက်ပိုင်းတွင် သံဃာများအား ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။

ယခင်က ရတနာဂူပွဲ ကျင်းပချိန်သည် ဧရာဝတီ မြစ်ရေမြင့်တက်ချိန်ဖြစ်သည့်အတွက် မြစ်ရေမြင့်တက်မှုအလိုက် ဘုရားရှေ့ရှိ မြစ်နှင့် ဆက်စပ်ရေဝင်သော ရတနာဂူရွှေကြူချောင်းအတွင်း ရေဝင်ရောက်လျက်ရှိရာပွဲတော်လာသူများသည် ချောင်းမှတစ်ဆင့် ငှက်လှေများစီးကာ လာရောက်လေ့ရှိခဲ့ပြီး၊ ချိုးရေတော်သုံးအခမ်းအနားကို ဖောင်များဖြင့် ချောင်းအတွင်းကျင်းပလေ့ရှိခဲ့သည်။

ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲတော်သည် ကိုဗစ်ဖြစ်ခဲ့သည့် ၂၀၁၉ နှစ်မှ စတင်ကာ ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်ထိ နားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပွဲတော်ပြန်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent