တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
ဧပြီ ၂၇ ရက်က နေပြည်တော်ရုံးအမှတ် (၂၆) ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း လျင်မြန်သော အကျိုးသက်ရောက်မှု (Quick Win) ရရှိစေမည့် အစီအစဉ်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးခြင်းနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ စတင်ထုတ်ချေးသွားမည့် အစီအစဉ်များပါဝင်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ် မိုး၊ ဆောင်း၊ မိုးကြို ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးသီးနှံအပါအဝင် သီးနှံ ၂၄ မျိုးကို ထုတ်ချေးပေးလျက်ရှိရာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိုက်သင့်သလို တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ခေတ်ကာလနှင့် လျော်ညီသည့် ချေးငွေနှုန်းထားသို့ တိုးမြှင့်ထုတ်ချေးခွင့်ရရှိခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်သည့် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည့်သွင်းအားစုများ၊ မြေယာပြုပြင်ခြင်းနှင့် ရိတ်သိမ်းခြင်းအထိ အခြားကုန်ကျစရိတ်များအတွက် ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်ခြင်းကြောင့် သီးနှံအထွက်နှုန်းပိုမိုတိုးတက်စေပြီး ဝင်ငွေများ တိုးလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
စိုက်ပျိုးစရိတ်ချေးငွေအပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာ၌ အထောက်အကူပြုစေရေး၊ လယ်ယာကို အခြေခံသော စီးပွားရေးကဏ္ဍများတွင် ကုန်ထုတ်စွမ်းအားတိုးမြှင့်ထုတ်လုပ်နိုင်စေရေးတို့အတွက် တောင်သူလယ်သမားများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းရှင်များသို့ လယ်ယာသုံးစက်ကိရိယာချေးငွေများကိုလည်း ငွေကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍနှင့် ငွေကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍထုတ်ချေးမည်ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း မေလဆန်းမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုထုတ်ချေးမည့် ချေးငွေအစီအစဉ်သစ်သည် အတိုးနှုန်းသက်သာသော ချေးငွေများဖြစ်ပြီး တောင်သူများအနေဖြင့် လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီသည့် ချေးငွေပမာဏရရှိခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံပိုင်ဘဏ်များအပေါ် ယုံကြည်အားကိုးမှု ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ ယင်းသို့ ယုံကြည်မှုမြင့်မားလာရေးအတွက် သက်ဆိုင်ရာဌာနများကလည်း အဂတိတရားကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများအနေဖြင့် ထုတ်ချေးမည့် ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ထုတ်ချေးဆောင်ရွက်ရေး၊ ငွေကြေးအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေး၊ ဘဏ်ခွဲအလိုက် ကြွေးကျန်များ မဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ်ခွဲများအနေဖြင့်လည်း ခရိုင်/မြို့နယ်ဘဏ်ခွဲများအား ဂရုပြုကြီးကြပ်စစ်ဆေးခြင်း၊ မြန်မာ့စီးပွားရေး ဘဏ်အပါအဝင် ဆက်စပ်ဌာနများ နှင့်ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ဘဏ်လုပ်ငန်းများ အဆင်ပြေစွာနှင့် စနစ်တကျရှိစေရေးဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်က စီစဉ်ပေးသည့် အထူးချေးငွေဖြစ်၍ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။















