နှစ်နိုင်ငံအကြား ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး မြန်မာ-ရုရှား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဧပြီ ၂၈ ရက်က အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းနှင့် ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံချက်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ အပါအဝင် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။















