ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ချောင်းဝကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နေအိမ် ၇၀ ခန့် မီးလောင်ဆုံးရှုံးမှုတွင် လူဦးရေ ၃၀၀ ကျော် မီးဘေးသင့်ခဲ့

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ချောင်းဝကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နေအိမ် ၇၀ ခန့် မီးလောင်ဆုံးရှုံးမှုတွင် လူဦးရေ ၃၀၀ ကျော် မီးဘေးသင့်ခဲ့
Published 30 April 2026

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ချောင်းဝကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နေအိမ် ၇၀ ခန့် မီးလောင်ဆုံးရှုံးမှုတွင် လူဦးရေ ၃၀၀ ကျော် မီးဘေးသင့်ခဲ့ကြောင်း ဖျာပုံမြို့ခံများထံမှ သိရသည်။

မီးလောင်မှုမှာ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ဧပြီ ၂၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအတွင်း နေအိမ်တစ်အိမ်ရှိ မီးကြွင်းမီးကျန်များမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ရာမှ နေအိမ် ၇၀ ခန့် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဖျာပုံမြို့ခံတစ်ဦးက ပြောကြားသည်။

“စလောင်တာကတော့ မီးကြွင်းကနေ စလောင်တာလို့တော့ ပြောကြတယ်။ ရွာဆိုတော့ အိမ်ချင်းကပ်နေတော့ နေအိမ် ၇၀ လောက် မီးလောင်သွားပါတယ်။ မီးဘေးသင့်သူလည်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါမီးလောင်သည့်နေရာသို့ ဖျာပုံခရိုင်မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ်များ၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံများ မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၄ နာရီခန့်တွင် မီငြိမ်းသွားကြောင်း သိရသည်။

ကျေးရွာအတွင်းရှိ မီးဘေးသင့်သူများသည် ချောင်းဝကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်နေကြကြောင်း၊ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ကိုလည်း သက်ဆိုင်ရာရဲစခန်းက အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent