■ ဦးဝင်းမြင့်နှင့် အကျဉ်းသားအချို့အား လွတ်ငြိမ်းခွင့်ပြုခြင်းအပေါ် အသိအမှတ်ပြုကြောင်း ဗြိတိသျှသံရုံး၊  သြစတြေးလျသံရုံးနှင့် နော်ဝေးသံရုံးထုတ်ပြန်

■ ဦးဝင်းမြင့်နှင့် အကျဉ်းသားအချို့အား လွတ်ငြိမ်းခွင့်ပြုခြင်းအပေါ် အသိအမှတ်ပြုကြောင်း ဗြိတိသျှသံရုံး၊  သြစတြေးလျသံရုံးနှင့် နော်ဝေးသံရုံးထုတ်ပြန်
Published 22 April 2026

■ အကျပ်အတည်းကိုဖြေရှင်းရာတွင် အာဆီယံ၏အခရာကျသည့်အခန်းကဏ္ဍကို ပံ့ပိုးထောက်ခံဟုဆို

သမ္မတဟောင်းဦးဝင်းမြင့်နှင့် အကျဉ်းသားအချို့အား လွတ်ငြိမ်းခွင့်ပြုခြင်းအပေါ် အသိအမှတ်ပြုကြောင်းဗြိတိသျှသံရုံး၊  သြစတြေးလျသံရုံးနှင့် နော်ဝေးသံရုံးတို့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအကြီးအကဲ Andrew Jackson ၏ ထုတ်ပြန်ချက်တွင် ဦးဝင်းမြင့် နှင့် အကျဉ်းသားအချို့အား လွတ်ငြိမ်းခွင့်ပြုခြင်းအပေါ် ယူကေအစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း၊ အခြားသော အကျဉ်းသားများစွာ၏ သတင်းကို စိုးရိမ်စွာဖြင့် စောင့်မျှော်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဆက်လက်ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ထပ်မံတိုက်တွန်းကြောင်း၊ ယူကေအစိုးရအနေဖြင့် မြန်မာပြည်သူပြည်သားများမျှော်မှန်းထားသည့် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် ဆက်လက်ထောက်ပံ့မည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အပြည့်အဝရရှိနိုင်‌ရေးနှင့် အားလုံးပါဝင်သော ဆွေးနွေးမှုများဖော်ဆောင်နိုင်‌ရေးတို့ကို ဆက်လက်တောင်းဆိုကြောင်း ဗြိတိသျှသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ သြစတြေးလျသံရုံး၏ထုတ်ပြန်ချက်တွင် ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းအား သြစတြေးလျက အသိ အမှတ်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ထိန်းသိမ်းခံထားရဆဲအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် တောင်းဆိုကြောင်း၊ စစ်မှန်၍အားလုံးပါဝင်သောဆွေးနွေးမှုလုပ်ဆောင်မည့်ကတိကဝတ်ပြုရန် ထပ်လောင်းတောင်းဆိုကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အကျပ်အတည်းကိုဖြေရှင်းရာတွင် အာဆီယံ၏အခရာကျသည့်အခန်းကဏ္ဍကို မိမိတို့ပံ့ပိုးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုကြောင်း၊ သြစတြေးလျသည် မြန်မာနိုင်ငံတွင် အခက်အခဲဒုက္ခများလျော့ကျစေရန်၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများတိုးတက်စေရန်နှင့် ဆက်လက်ဖြစ်ပွားနေဆဲအကျပ်အတည်းအတွက် ရေရှည်တည်တံသည့်အဖြေကိုရှာဖွေရရှိနိုင်ရန်အတွက် စစ်မှန်သောကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးဖို့အသင့်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ ရန်ကုန်မြို့ရှိ နော်ဝေးသံရုံး၏ ထုတ်ပြန်ချက်တွင် ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခြင်းကို အသိအမှတ်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားသောဖမ်းဆီးခံထားရသူအားလုံးကိုလွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း၊ နော်ဝေးအနေဖြင့် မြန်မာပြည်သူများကို ဆက်လက်ထောက်ပံ့သွားမည်ဟူသော ကတိကဝတ်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးအတွက် အဓိပ္ပာယ်ရှိသော ခြေလှမ်းများ ပြုလုပ်ရန် တိုက်တွန်းကြောင်း၊ အဓိကအားဖြင့် အရပ်သားများကို ကာကွယ် စောင့်ရှောက်ရေး၊ လိုအပ်နေသူအားလုံးအတွက် အတားအဆီးနှင့် ခွဲခြားမှုမရှိဘဲ အကူအညီများပေးအပ်နိုင်ရေးနှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ သက်ဆိုင်သူအားလုံးပါဝင်သော စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent