ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက်ဆွေးနွေးရန် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ရောက်ရှိ

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက်ဆွေးနွေးရန် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ရောက်ရှိ
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာကို မတ်လ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(Photo: AP)
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာကို မတ်လ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(Photo: AP)
Published 23 July 2024

ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန်ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာသည် ဇူလိုင် ၂၃ ရက်က တရုတ်သို့ ရောက်ရှိလာခဲ့သည်။

တရုတ်က ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ကြားနေနိုင်ငံအဖြစ် ကိုယ့်ကိုယ်ကိုယ်ပုံဖော်လျက်ရှိပြီး အမေရိကန်နှင့်အခြားသော အနောက်နိုင်ငံများကဲ့သို့ မည်သည့်ဘက်ကိုမှ လူသေဆုံးစေသော စစ်လက်နက်အကူအညီများ ပေးမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

သို့သော် တရုတ်သည် ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့သည့် ရုရှားကိုပြစ်တင်ရှုတ်ချခြင်းမရှိသကဲ့သို့ ရုရှားနှင့် အကန့်အသတ်မဲ့မိတ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်လျက်ရှိသည့်အတွက် နေတိုးမဟာ မိတ်အဖွဲ့က တရုတ်သည် ရုရှားကယူကရိန်းကို စစ်ပွဲဆင်နွှဲနိုင်စေရန် အဓိကထောက်ကူပေးသူ ဖြစ်သည်ဟု အမည်တပ်ခဲ့သည်။

ဇူလိုင် ၂၆ ရက်အထိ ကြာမြင့်မည့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ၎င်း၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ကူလီဘာ၏ ခရီးစဉ်သည် ရုရှား၏ကျူးကျော်မှုကို ရပ်တန့်နိုင်မည့် နည်းလမ်းများရှာဖွေရန်နှင့် ရေရှည်တည်တံ့ပြီး မျှတသော ငြိမ်းချမ်းရေးရရှိရေးအတွက် တရုတ်၏ ဖြစ်နိုင်ဖွယ်ရှိသော အခန်းကဏ္ဍနှင့်ပတ်သက်၍ အဓိကအာရုံစိုက်မည်ဖြစ်ကြောင်း ယူကရိန်းအစိုးရက ဆိုသည်။

တရုတ်-ယူကရိန်း ပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားသော အကျိုးစီးပွားဆက်စပ်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဓိကဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်က ပြောဆိုထားသည်။

“ယူကရိန်း အကျပ်အတည်းနဲ့ပတ်သက်ပြီး အမြန်ဆုံး အပစ်အခတ်ရပ်စဲကာ နိုင်ငံရေးအရ အဖြေရှာခြင်းက သက်ဆိုင်သူအားလုံးကို အကျိုးရှိစေလိမ့်မယ်လို့ တရုတ်နိုင်ငံကအမြဲယုံကြည်ပါတယ်”ဟု နိုင်ငံခြားရေး ဝန် ကြီးဌာနပြောခွင့်ရ မော်နင်က ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ငြိမ်းချမ်းမှုနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုဘက်တွင် ဆက်လက်ရပ်တည်မည်ဟုလည်း ၎င်းက ဆိုသည်။

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ကြားဝင်စေ့စပ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ်ပုံဖော်ရန် ကြိုးပမ်းလျက်ရှိပြီး လွန်းပြန်ယာဉ် သံခင်းတမန်ခင်းနည်းလမ်းအဖြစ် တရုတ်ကိုယ်စားလှယ် လီဟွေးအား ဥရောပသို့ အကြိမ်ကြိမ် စေလွှတ်ခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့ တိုက်ရိုက် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်စေရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အကူအညီပေးသင့်ကြောင်း ဇူလိုင် ၈ ရက်က ပေကျင်း၌ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကို လက်ခံတွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင်းပင်က ပြောကြားခဲ့သည်။

ယမန်နှစ်တွင် တရုတ်က ယူကရိန်းစစ်ပွဲကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းထားသော အဆိုပြုချက်တစ်စောင်ထုတ်ပြန်ခဲသည်။ အနောက်နိုင်ငံများကမူ ယင်းအဆိုပြုချက်သည် ရုရှားအနေဖြင့် ယူက ရိန်းတွင် သိမ်းယူထားသည့် နယ်မြေအများအပြားကို ဆက်လက်ထိန်းထားနိုင်အောင် ခွင့်ပြုထားသည့် သဘောသက်ရောက်သည်ဟု ဆိုသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ တိုက်ရိုက်ပြုလုပ်နိုင်မည့် အခြေအနေများကို ဖန်တီးပေးရန်နှင့် အကူအညီပေးရန် သမ္မတရှီက တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့်လက ဆွစ်ဇာလန်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးသို့ တရုတ်ကတက် ရောက်ခဲ့ခြင်းမရှိပေ။

Ref: AFP

Most Read

Most Recent