ဒေါ်နယ်ထရန့်ကို လုပ်ကြံရန်ကြိုးပမ်းမှုအား ဟန့်တားနိုင်ခြင်းမရှိသော လျှို့ဝှက်ထောက်လှမ်းရေးဌာန၏ ဒါရိုက်တာကင်ဘာလေချီတယ် ရာထူးမှနုတ်ထွက်

ဒေါ်နယ်ထရန့်ကို လုပ်ကြံရန်ကြိုးပမ်းမှုအား ဟန့်တားနိုင်ခြင်းမရှိသော လျှို့ဝှက်ထောက်လှမ်းရေးဌာန၏ ဒါရိုက်တာကင်ဘာလေချီတယ် ရာထူးမှနုတ်ထွက်
Published 24 July 2024
Ref:AFP

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံရန်ကြိုးပမ်းမှုကို အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာနက ဟန့်တားနိုင်ခြင်းမရှိခဲ့ဟု ယင်းဌာန၏ညွှန်ကြားရေးမှူး ကင်ဘာလေချီတယ်က ဇူလိုင် ၂၂ ရက်တွင် ဝန်ခံခဲ့ပြီးနောက် တစ်ရက်အကြာ ဇူလိုင် ၂၃ ရက်တွင် ၎င်းသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ဇူလိုင် ၁၃ ရက်က ပင်ဆဲလ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေးပွဲတွင် ရီပတ်ဘလီကင် သမ္မတဟောင်းလည်းဖြစ် လက်ရှိအမေရိကန်သမ္မတလောင်းလည်းဖြစ်သော ဒေါ်နယ်ထရန့်ကို အသက် ၂၀ နှစ်အရွယ် သေနတ်သမားက လုပ်ကြံရာ၌ ထရန့်၏နားထိခိုက်ဒဏ် ရာရခဲ့ပြီးနောက် နုတ်ထွက်ပေးရန် ပါတီနှစ်ခုစလုံး၏တောင်းဆိုမှုများကို ချီတယ်ရင်ဆိုင်ခဲ့ရသည်။

“အချိန်တောင် နှောင်းနေပါတယ်။ သူဟာ ပြီးခဲ့တဲ့အပတ်လောက်ကတည်းက နုတ်ထွက်ခဲ့သင့်တာပါ။ သူဟာ ရီပတ်ဘလီကင် အမတ်တွေနဲ့ဒီမိုကရက်တစ်အမတ်တွေရဲ့ တောင်းဆိုမှုတွေကို အရေးစိုက်တာမြင်ရလို့ ကျေနပ်ပါတယ်” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လျှို့ဝှက်ထောက်လှမ်းရေးဌာနတွင် နှစ် ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ချီတယ်ကို ကျေးဇူးတင်သည်ဟု သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

“သူဟာ ကိုယ်ကျိုးမငဲ့ဘဲ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ရဲ့နိုင်ငံကို ကာကွယ်ဖို့ သူ့ရဲ့ဘဝကို နှစ်မြှုပ်ခဲ့ပါတယ်။ အရဲစွန့်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

“အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့အရာဟာ ဘယ်တော့မှ ထပ်မဖြစ်တော့ဘူးဆိုတာကို ကျွန်တော်တို့အားလုံးသိနေပါတယ်။ ကျွန်တော်ဟာ မကြာမီညွှန်ကြားရေးမှူးအသစ်ကို ခန့်အပ်မှာဖြစ်ပါတယ်” ဟု ဘိုင်ဒင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချီတယ်အတွက် လူစားထိုးချိန်အထိ လျှို့ဝှက်ထောက်လှမ်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ရော်နယ်ရိုဝီကို ယာယီညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်မည်ဟု အမိမြေလုံခြုံရေးဝန်ကြီး အလီဂျန်ဒရိုမာယောကက်စ်က ပြောကြားခဲ့သည်။ ရော်နယ်ရိုဝီသည် လျှို့ဝှက်ထောက်လှမ်းရေးဌာနတွင် လုပ်သက် ၂၄ နှစ်ရှိ ၀ါရင့်တစ်ဦးဖြစ်သည်ဟု ဆိုသည်။

ချီတယ် နုတ်ထွက်သွားသည့်ကိစ္စကို ထရန့်က Truth Social တွင် ရေးသားခဲ့ရာ၌  “ဘိုင်ဒင်၊ ဟဲရစ် အစိုးရအဖွဲ့ဟာ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်ဟာ ဒီမိုကရေစီအတွက် ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ ဒီမိုကရေစီအတွက် ကျည်ဆန်ထိမှန်ခဲ့တာဟာ ကျွန်တော့်ရဲ့အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ” ဟု ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုမတိုင်မီ စည်းရုံးရေးပွဲ၌ သံသယရှိသူတစ်ဦး၏အကြောင်းကို လျှို့ဝှက်ထောက်လှမ်းရေးထံ နှစ်ကြိမ်မှငါးကြိမ်အထိ အသိပေးခဲ့သည်ဆိုသော်လည်း ပစ်ခတ်ခြင်းမပြုမီ ၎င်းကို ရှာမတွေ့နိုင်ဖြစ်ခဲ့သည်ဟု ချီတယ်က ပြောကြားခဲ့သည်။

ဘတ်တလာမြို့မှ မိုင် ၅၀ ခန့်ဝေးသော မြို့တွင်နေထိုင်သောလူငယ်က တစ်ဦးတည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခိုင်မာသည့် အတွေးအခေါ်၊ နိုင်ငံရေးဆိုင်ရာ တိမ်းညွှတ်မှုတို့ ရှိနေသည်ဆိုခြင်းကို မဖော်ထုတ်နိုင်ဟုဆိုသည်။                                                         

Most Read

Most Recent