ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးမည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးအား ကတိပေးခဲ့ကြောင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် ပြောကြား

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးမည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးအား ကတိပေးခဲ့ကြောင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် ပြောကြား
ဇူလိုင် ၂၀ ရက်က မီချီဂန်ပြည်နယ်တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်နယ်ထရန့်ကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၂၀ ရက်က မီချီဂန်ပြည်နယ်တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်နယ်ထရန့်ကို တွေ့ရစဉ်(Photo:AFP)
Published 22 July 2024

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနှင့် ဖုန်းပြောဆိုမှုအတွင်း ရုရှားနှင့်ဖြစ်ပွားနေသည့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

“သမ္မတဇယ်လန်စကီးနဲ့ အဆက်အသွယ်ရတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်တို့ရဲ့ နောက်တက်လာမယ့် အမေရိကန်သမ္မတဖြစ်တဲ့ ကျွန်တော်ဟာ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမှာဖြစ်ပြီး မရေမတွက်နိုင်တဲ့ အပြစ်မဲ့တဲ့ မိသားစုတွေ ထိခိုက်နစ်နာမှုတွေ၊ သေဆုံးမှုတွေကို ဖြစ်စေတဲ့ စစ်ပွဲကို အဆုံးသတ်ပေးသွားမှာဖြစ်ပါတယ်”ဟု ထရန့်က ၎င်း၏ Truth Social လူမှုမီဒီယာ ပလက်ဖောင်းတွင် ရေးသားဖော်ပြခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိမည်ဖြစ်ပြီး အကြမ်းဖက်မှုများကို အဆုံးသတ်ရန်နှင့် ချမ်းသာကြွယ်ဝမှုကို ဦးတည်သည့် လမ်းကြောင်းတစ်ခုဖောက်ရန် သဘောတူညီချက်တစ်ခု ကို ဆွေးနွေးညှိနှိုင်းလိမ့်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကတည်းက ယူကရိန်းအတွက် ဒေါ်လာဘီလျံချီတန်ကြေးရှိသည့် စစ်ရေးအကူအညီများကို အမေရိကန်က ထောက်ပံ့ပေးခဲ့သည်။

သို့သော် ထရန့်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက ယူကရိန်းအတွက် အမေရိကန်၏ အထောက်အပံ့များကို ဆက်ပေးမည်ဟုတ်၊မဟုတ် မသေချာ သေးပေ။

ဇယ်လန်စကီးကလည်း ထရန့်နှင့်ဖုန်းဆက်သွယ်ပြောဆိုမှုကို အတည်ပြုခဲ့ပြီး ထိုဖုန်းပြောဆိုမှုအတွင်း ရီပတ်ဘလစ်ကန်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုခံရသည့် ထရန့်ကို ဂုဏ်ပြုခဲ့ကာ ပြီးခဲ့သည့် သီတတင်းပတ်က ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးမှုတွင် ပစ်ခတ်ခံခဲ့ရသည့် ထရန့်၏ ကျန်းမာရေးအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြောင်း  ပြောကြားခဲ့သည်။

ထရန့်သည် သမ္မတအဖြစ်ရွေးကောက်ခံရမည်ဆိုပါက ယူကရိန်းစစ်ပွဲကို အမြန်ဆုံး ရပ်တန့်ပေးမည် ဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်ရှိ ပဋိပက္ခများကို အဆုံးသတ်ပေးမည်ဖြစ်ကြောင်း ထပ်တလဲလဲပြောကြားခဲ့သည်။

ရီပတ်ဘလီကင်ပါတီညီလာခံ၏ နောက်ဆုံးနေ့ဖြစ်သည့် ဇူလိုင် ၁၈ ရက်တွင် ထရန့်က  ထိန်းမနိုင်သိမ်း မရဖြစ်နေသော နိုင်ငံတကာ အကျပ်အတည်းများ အဆုံးသတ်သွားစေရန်နှင့် ကမ္ဘာ့စင်မြင့်တွင် အမေရိကန် ဂုဏ်သိက္ခာကို ပြန်တင်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ကာ ၎င်းက တယ်လီဖုန်းတစ်ချက်ဆက်ရုံဖြင့် စစ်ပွဲများကို တားဆီးနိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဟန်ချက်ညီရေးတို့ကို ပြန်လည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်ဆိုသော်လည်း ယင်းသို့ဆောင်ရွက်မည့် အသေးစိတ်များကို ပြောကြားခဲ့ခြင်းမရှိပေ။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အမေရိကန်ပြည်ထောင်စုဟာ ထပ်မံ လေးစားခံရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ပါ၀ါကို ဘယ်နိုင်ငံကမှ မေးခွန်းထုတ်မှာ မဟုတ်ပါဘူး။ဘယ်ရန်သူကမှ ကျွန်တော်တို့ ရဲ့အင်အားကို သံသယရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့နယ်စပ်တွေဟာလည်း လုံးဝ လုံခြုံသွားပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။                                             

Ref:AFP

 

Most Read

Most Recent