မော်စကိုမြို့တော်တွင် လူစုလူဝေးပြုလုပ်သည့်နေရာများကို ပစ်မှတ်ထားနိုင်သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မတ်လအစောပိုင်းက ရုရှားအာဏာပိုင်များကို သတိပေးခဲ့ကြောင်း အမေရိကန် ပြောကြား

မော်စကိုမြို့တော်တွင် လူစုလူဝေးပြုလုပ်သည့်နေရာများကို ပစ်မှတ်ထားနိုင်သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မတ်လအစောပိုင်းက ရုရှားအာဏာပိုင်များကို သတိပေးခဲ့ကြောင်း အမေရိကန် ပြောကြား
မတ် ၂၂ ရက်က အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကို တွေ့ရစဉ်(Photo: AFP)
မတ် ၂၂ ရက်က အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကို တွေ့ရစဉ်(Photo: AFP)
Published 23 March 2024

ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် လူစုလူဝေးပြုလုပ်သည့် နေရာများကို ပစ်မှတ်ထားဖွယ်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမေရိကန်က ရုရှားအာဏာပိုင်များကို မတ်လအစောပိုင်းက သတိပေးခဲ့ကြောင်း အိမ်ဖြူတော်က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

မော်စကိုမြို့ ဆင်ခြေဖုံးတွင် လူပေါင်း ၆၀ ခန့်သေဆုံးခဲ့သည့် ဂီတခန်းမပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အိမ်ဖြူတော်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“အခုလအစောပိုင်းက အမေရိကန် အစိုးရဟာ မော်စကိုမှာ အကြမ်းဖက်တိုက်ခိုက် မှုအစီအစဉ်တစ်ခုနဲ့ပတ်သက်ပြီး သတင်းရရှိခဲ့ပါတယ်။ ဂီတခန်းမတွေအပါအဝင် လူစု လူဝေးပြုလုပ်တဲ့နေရာတွေကို တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းပါ။ အဲဒီသတင်းကိုလည်း ရုရှားအာဏာပိုင်တွေဆီ မျှဝေခဲ့ပါတယ်”ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး အက်ဒရီယန်နီဝပ်ဆန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ကာလကြာရှည်ကျင့်သုံးလာခဲ့သည့် “သတိပေးရန် တာဝန်ရှိသည်”ဆိုသည့် မူဝါဒကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်ဟု ဝပ်ဆန်က ပြောကြားခဲ့သည်။

ထိုမူဝါဒအရ အမေရိကန်သည် ပြန်ပေးဆွဲမှု သို့မဟုတ် လူအများအပြားကို ပစ်မှတ် ထားသတ်ဖြတ်မှုနှင့်ပတ်သက်သည့် တိကျသည့် ခြိမ်းခြောက်မှုများကို ထောက်လှမ်းသိရှိချိန်တွင် သက်ဆိုင်ရာ နိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများကို သတိပေးနှိုးဆော်သည့် မူဝါဒဖြစ်သည်။

ရုရှားတွင် သမ္မတရွေးကောက်ပွဲမပြုလုပ်မီရက်ပိုင်းအလိုဖြစ်သည့် မတ် ၇ ရက်က အမေရိကန်သံရုံးသည် အစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုအစီအစဉ်ကို သတိပေးခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

သို့သော် အမေရိကန်သည် ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုကို ကြိုတင်သိရှိခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“အခုဖြစ်ပွားတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြိုတင်သိရှိထားတာမျိုးမရှိပါဘူး။ အရင်တုန်းက သတိပေးခဲ့တယ်ဆိုတာလည်း ဒီတိုက်ခိုက်မှုကို အတိအကျရည်ရွယ်တာမျိုးမဟုတ်ပါဘူး”ဟု ကာဘီက ပြော ကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားများအားလုံးကို တေးဂီတဖျော်ဖြေပွဲများ၊ စျေးဝယ်ကုန်တိုက်များသို့ မသွားရန်နှင့် လက်ရှိမိမိတို့ရှိနေသည့်နေရာ၌ပင် နေထိုင်ကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

ထို့ပြင် မော်စကိုပစ်ခတ်မှုတွင် ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံပါဝင် ပတ်သက်ခဲ့သည့် ကနဦး လက္ခဏာများ မတွေ့ရကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုတိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းနေဆဲဖြစ်သည်ဟု ကာဘီက ပြောကြားခဲ့သည်။

“အခုအချိန်အထိတော့ ဒီတိုက်ခိုက်မှုမှာ ယူကရိန်းနိုင်ငံ ဒါမှမဟုတ် ယူကရိန်းနိုင်ငံသားတွေပါဝင်တယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရသေးပါဘူး။ ယူကရိန်းနဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ အယူအဆမှားတွေကို စွန့်လွှတ် စေချင်ပါတယ်ဟု ကာဘီက ပြောကြားခဲ့သည်။

ထို့ပြင် ကာဘီက ထိုတိုက်ခိုက်မှုတွင် နစ်နာသူများကို ဝမ်းနည်းစကားပြောကြားခဲ့သည်။

“ဓာတ်ပုံတွေက ကြောက်ဖို့ကောင်းပြီး ကြည့်ဖို့တောင် ခက်ခဲပါတယ်။ ဒီကြောက်မက်ဖွယ်အဖြစ်ဆိုးမှာ နစ်နာခဲ့ရသူတွေနဲ့ ထပ်တူခံစားရပါတယ်”ဟု ကာဘီက ပြောကြားခဲ့သည်။                       

Ref: AFP

Most Read

Most Recent