တောင်ကိုရီးယားတွင် ဆရာဝန်များ အလုပ်မဆင်းဘဲဆန္ဒပြနေသဖြင့် ကျန်းမာရေးစနစ်ကိုထောက်ပံ့ရန် စစ်တပ်မှ ဆရာဝန်များကို ဆေးရုံများသို့ စေလွှတ်မည်ဟု ဝန်ကြီးချုပ် ပြောကြား

တောင်ကိုရီးယားတွင် ဆရာဝန်များ အလုပ်မဆင်းဘဲဆန္ဒပြနေသဖြင့် ကျန်းမာရေးစနစ်ကိုထောက်ပံ့ရန် စစ်တပ်မှ ဆရာဝန်များကို ဆေးရုံများသို့ စေလွှတ်မည်ဟု ဝန်ကြီးချုပ် ပြောကြား
ဖေဖော်ဝါရီ ၂၅ ရက်က ဆိုးလ်မြို့တော်တွင်ရှိ သမ္မတရုံးအနီးတွင် အစိုးရ၏ ဆေးဘက်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန္ဒပြနေကြသည့် ဆရာဝန်များကို တွေ့ရစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၂၅ ရက်က ဆိုးလ်မြို့တော်တွင်ရှိ သမ္မတရုံးအနီးတွင် အစိုးရ၏ ဆေးဘက်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန္ဒပြနေကြသည့် ဆရာဝန်များကို တွေ့ရစဉ် (Photo:AFP)
Published 29 February 2024

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်သင်ဆရာဝန်များက အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထောက်ပံ့ပေးရန် အရေးပေါ်အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း စစ်တပ်မှ ဆရာဝန်များနှင့် မိသားစုဆရာဝန်များကို ဆေးရုံများသို့ စေ လွှတ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟန်ဒွတ်ဆူးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် လူငယ်ဆရာဝန်များအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်ငန်းခွင်ပြန်ဝင်ကြရန် ဟန်က တိုက်တွန်းခဲ့ပြီး အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ စိုးရိမ်မှုများကို နားထောင်သွားမည်ဟု ပြောကြားခဲ့သည်။

“အစိုးရဟာ လုပ်ငန်းခွင်အခြေအနေနဲ့ အနာဂတ် အသက်မွေးဝမ်းကြောင်းအခြေအနေနဲ့ ပတ်သက်ပြီး အလုပ်သင်ဆရာဝန်တွေရဲ့ ကြီးမားတဲ့ စိုးရိမ်မှုတွေကို အပြည့်အဝ နားလည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဟု အဲဒါတွေကို ရှုထောင့်ပေါင်းစုံကနေကြည့်ပြီး တိုးတက်ကောင်းမွန်စေဖို့ အစီအစဉ်တွေကို ရှာဖွေနေပါတယ်”ဟု ဟန်က အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို မြှင့်တင်ရန်နှင့် ဆရာဝန်များ မလုံလောက်သည့် အခြေအနေကို ဖြေရှင်းရန် ဆေးကျောင်းတက်သည့် ကျောင်းသားအရေအတွက်ကို တိုးမြှင့်မည့် အစိုးရ၏  ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန့်ကျင်သည့် အလုပ်သင်ဆရာဝန်များသည် ပြီးခဲ့သည့် သီတင်းပတ်မှစတင်ပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရအနေဖြင့် ဆရာဝန်အရေအတွက်ကို တိုးမြှင့်ရန် မကြိုးစားမီ လုပ်ခလစာနှင့် လုပ်ငန်းခွင်အခြေအနေ တိုးတက်စေရေးကို ဦးပေးလုပ်ဆောင်သင့်ကြောင်း လူငယ်ဆရာဝန်များက ပြောကြားခဲ့သည်။

အစိုးရဝန်ကြီးများကမူ ဆန္ဒပြဆရာဝန်များကို ၎င်းတို့၏ ဆေးကုသခွင့် လိုင်စင်များ ဆိုင်းငံ့မှုအပါအဝင် တရားရေးဆိုင်ရာ အရေးယူမှုများဖြင့် ခြိမ်းခြောက်ခဲ့သည်။

မတ်လမှစတင်ပြီး စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များနှင့် စစ်မှုမထမ်းမနေရ ဥပဒေအစား ဒေသန္တရဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များကို လက်ရှိဆန္ဒပြနေသည့် ဆရာဝန် များကြောင့် ကျန်းမာရေးစနစ်ထိခိုက်ခဲ့ရသည့် ဆေးရုံများသို့ တာဝန်ချထားပေးမည်ဖြစ်ကြောင်း ဟန်က ပြောကြားခဲ့သည်။

အလုပ်သင်ဆရာဝန် ၉၀၀၀ ခန့်သည် ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြသဖြင့် ကြီးမားသည့် ဆေးရုံများတွင် ဝန်ဆောင်မှုများ ဖရိုဖရဲဖြစ်ကာ လူနာအချို့ကို ဆေးရုံတက်ခွင့်မပေးခြင်းနှင့်ကင်ဆာရောဂါ ခွဲစိတ် ကုသမှုများနှင့် လုပ်ထုံးလုပ်နည်းများကို ဖျက်သိမ်းရသည့် အခြေအနေများသို့ ရောက်ရှိစေခဲ့သည်။

၀ါရင့်ဆရာဝန်များနှင့် ပုဂ္ဂလိကဆရာဝန်များကလည်း ဆေးကျောင်းတက်သည့် ကျောင်းသားအရေအတွက်ကို မြှင့်တင်မည့် အစိုးရ၏ အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြပြီး ထို အစီအစဉ်နှင့်ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းကို လုံလောက်စွာ တိုင်ပင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကမူ နိုင်ငံအတွင်း ၎င်း၏ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဆန့်ကျင်သည့် ဆရာဝန်များ၏ ဆန္ဒပြမှုများကြောင့်  ၎င်း၏ အစီအစဉ်ကို ရုပ်သိမ်းသွားမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Ref:Reuters/AFP

Most Read

Most Recent