မြို့တော်ပို့အော်ပရင့်စ်ရှိ အမျိုးသား အကျဉ်းထောင် တိုက်ခိုက်ခံရပြီးနောက် ဟေတီက အရေးပေါ်အခြေအနေ ကြေညာ

မြို့တော်ပို့အော်ပရင့်စ်ရှိ အမျိုးသား အကျဉ်းထောင် တိုက်ခိုက်ခံရပြီးနောက် ဟေတီက အရေးပေါ်အခြေအနေ ကြေညာ
ပို့အော်ပရင့်စ်ရှိ အမျိုးသားထောင်အနီး၌ မီးလောင်နေသော ကားတာယာများကို မတ် ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ပို့အော်ပရင့်စ်ရှိ အမျိုးသားထောင်အနီး၌ မီးလောင်နေသော ကားတာယာများကို မတ် ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 4 March 2024

အကျဉ်းသားထောင်ပေါင်းများစွာ လွတ်မြောက်သွားခဲ့သည့် မြို့တော်၏အကျဉ်းထောင်ကြီးကို လူဆိုးဂိုဏ်းများက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံကိုပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ဟေတီ အစိုးရအဖွဲ့က မတ် ၃ ရက်တွင် အရေးပေါ်အခြေအနေကိုလည်းကောင်း၊ ညမထွက်ရ အမိန့်ကိုလည်းကောင်း ကြေညာခဲ့သည်။

ဝက်စ် ဒေသတွင် ညမထွက်ရအမိန့်ကို ည ၆ နာရီမှ နံနက် ၅ နာရီအထိ ထုတ်ပြန်မည်ဖြစ်သည်။ ဟေတီမြို့တော် ပို့အော်ပရင့်စ်တွင်လည်း ညမထွက်ရအမိန် ထုတ်ပြန်ထားသည်။ ညမထွက်ရ အမိန့်ကို မတ် ၆ ရက်အထိ ထုတ်ပြန်ထားမည်ဟုဆိုသည်။ ညမထွက်ရအမိန့်နှင့်အရေးပေါ်အခြေအနေတို့ကို သက် တမ်းတိုးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဟေတီအစိုးရက ဖော်ပြထားသည်။

မတ် ၂ ရက်ညပိုင်းမှ မတ် ၃ ရက် နံနက်ပိုင်းအထိ လူဆိုးဂိုဏ်းသားများက ပို့အော်ပရင့်စ်ရှိ အမျိုးသား အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့သောကြောင့် လူတစ်ဒါဇင်ခန့်သေဆုံးသွားသည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။

မြို့၏နေရာအများစုကို ထိန်းချုပ်ထားသောလက်နက်အပြည့်အစုံတပ်ဆင်ထားသည့် လူဆိုးဂိုဏ်းများက ဖေဖော်ဝါရီ ၂၉ ရက်ကတည်းက မွှေနှောက်ဒုက္ခပေးခဲ့သော ပို့အော်ပရင့်စ်တွင် ပြင်းထန်သည့်အကြမ်း ဖက်မှုများဆက်တိုက်ဖြစ်ပွားခဲ့ချိန်တွင် အကျဉ်းထောင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် သမ္မတ ဂျိုဗီနယ်မွိုက်လုပ်ကြံသတ်ဖြတ်ခဲ့ရပြီးကတည်းက အကျပ်အတည်းဖြစ်ပေါ်နေသော ဟေတီနိုင်ငံကို ဦးဆောင်ခဲ့သော ဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖြုတ်ချလိုသည်ဟု ဟေတီလူဆိုးဂိုဏ်း များက ပြောကြားထားသည်။

အမျိုးသား အကျဉ်းထောင်၏ ခန့်မှန်းခြေအကျဉ်းသား ၃,၈ဝဝထဲက အကျဉ်းသား ၁၀၀ ခန့်သာ ထောင်ထဲတွင် ကျန်နေသည်ဟု လူ့အခွင့်အရေးကာကွယ်မှုအတွက် အမျိုးသားကွန်ရက်ရှိ ပီယာရီအက်စပါရန့်က ပြော ကြားခဲ့သည်။

“အကျဉ်းသား အများစုရဲ့အလောင်းတွေကို ကျွန်တော်တို့ ရေတွက်နေပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မတ် ၃ ရက်တွင် ယင်းထောင်ကိုသွားခဲ့သော အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ထောင်အပြင်ဘက်တွင် အလောင်းတစ်ဒါဇင်ခန့်ရှိနေသည်ကိုတွေ့ရပြီး ထောင်ထဲတွင် လူမရှိသလောက်ဖြစ်နေသည်ဟု ဆိုသည်။ အလောင်းအချို့၌ ကျည်ဆန်ရာများရှိနေပြီး အချို့တွင် ကျည်ဖူးဒဏ်ရာများရှိနေသည်ဟု ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့များသည် ညမထွက်ရအမိန့် အာဏာတည်စေရန်နှင့် ယင်းအမိန့်ချိုးဖောက်သူများကို ထိန်းသိမ်းရန် တရားဥပဒေနည်းလမ်းအားလုံးကို အသုံးပြုရေးအတွက် ညွှန်ကြားချက်များကို လက်ခံရရှိထား သည်ဟု မတ် ၃ ရက်ညပိုင်း ထုတ်ပြန်ချက်တွင် ဟေတီအစိုးရက ဖော်ပြခဲ့သည်။

အစိုးရသည် တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည်ဆောက်ရန်နှင့် အခြေအနေကို ပြန်လည်ထိန်းချုပ်ရန် သင့်လျော်သော အစီအမံများချမှတ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေးဝန်ကြီး ပတ်ထရစ်မီရှယ်ဘွိုက် စဘတ်ကဟေတီယာယီဝန်ကြီးချုပ်အဖြစ် ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဝန်ကြီးချုပ် ဟင်နရီသည် ဟေတီ၌ ကု လသမဂ္ဂ ကျောထောက်နောက်ခံပြု တရား ဥပဒေစိုးမိုးရေးတာဝန်များကို ဦးဆောင်မည့် အရှေ့အာဖရိကနိုင်ငံ ကင်ညာမှ ရဲတပ်ဖွဲ့များကို ဟေတီတွင် ချထားရေးကိစ္စအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးရန် လွန်ခဲ့သော သီတင်းပတ်တွင် ကင်ညာနိုင်ငံ ကို ရောက်ရှိနေခဲ့သည်။

ဟေတီအစိုးရအဖွဲ့သည် အားနည်းသော အစိုးရအဖွဲ့ဖြစ်သည်။ ထို့ကြောင့် ပြန်ပေးဆွဲခြင်းနှင့် အခြားပြင်းထန် ရာဇဝတ်မှုများ ပေါများသော နိုင်ငံဖြစ်နေသည်။ ထို့အပြင် ဟေတီလူဆိုးဂိုဏ်းများသည် ဟေတီရဲတပ်ဖွဲ့ထက် လက်နက်များ ပိုကောင်းနေသည်။

Ref: AFP

Most Read

Most Recent