အမေရိကန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့  ၁၈ လနီးပါးအတွင်း ပထမဆုံးအကြိမ် ဆွေးနွေးမှုပြုလုပ်

အမေရိကန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့  ၁၈ လနီးပါးအတွင်း ပထမဆုံးအကြိမ် ဆွေးနွေးမှုပြုလုပ်
Photo: Reuters
Photo: Reuters
Published 17 April 2024

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တုံကျွင်းတို့သည် ၁၈ လနီးပါးအတွင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးအချင်းချင်း ပထမဆုံးအကြိမ် ခြေခြေမြစ်မြစ် ဆွေးနွေးမှုအဖြစ်  ဗီဒီယိုကွန်ဖရင့်စ်မှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည် အာရှ-ပစိဖိတ်ဒေသတွင် တရုတ်၏သြဇာကြီးထွားလာခြင်းကို တန်ပြန်ရန် ဒေသတွင်းမဟာမိတ်များနှင့် ဆက်ဆံရေးခိုင်မာအောင် လုပ်ဆောင်လျက်ရှိသော်လည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် အခြေအနေအထိ တင်းမာမှုများမြင့်တက်မလာအောင် ဟန့်တားနိုင်ရန်အတွက် တရုတ်နှင့်ဆက်သွယ်ရေးလမ်းကြောင်းများကို ဆက်လက်ဖွင့်ထားရန် အမေရိကန်က ဆန္ဒရှိနေသည်။

"နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးနှစ်ဦးဟာ အမေရိကန်-တရုတ် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်" ဟု ပင်တဂွန်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

"ကာကွယ်ရေးဝန်ကြီး အော်စတင်က အမေရိကန်နဲ့ တရုတ်စစ်တပ်အချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်လက်ဖွင့်ထားခြင်းရဲ့ အရေးပါပုံကို အလေးထားပြောဆိုခဲ့တယ်" ဟုလည်း ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာစည်းမျဉ်းဥပဒေများက အာမခံထားသည့် မည်သည့်နေရာဒေသ၌မဆို လေယာဉ်ပျံသန်းမှုများ၊ သင်္ဘောခုတ်မောင်းမှုများနှင့် သွားလာလှုပ်ရှားမှုများကို မည်သူ့ကိုမှ အန ္တရာယ်မဖြစ်စေဘဲ တာဝန်သိသိ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း အော်စတင်က ထပ်လောင်းပြောဆိုခဲ့ပြီး အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံတကာဥပဒေများက ခွင့်ပြုထားသည့် လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာခွင့်အား အလေးထားခြင်း၏ အရေးပါပုံကိုလည်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီး တုံကျွင်းကလည်း ယင်းဆွေးနွေးမှုကို အသုံးချ၍ အင်အားကြီးနှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်စွာ ယုံကြည်မှုတည်ဆောက်ရန် တိုက်တွန်းခဲ့သည်ဟု တရုတ်က ဆိုသည်။

"တရုတ်နဲ့ အမေရိကန်တို့ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အဖိုးအတန်ဆုံးနဲ့ အရေးအပါဆုံး အရာတွေအဖြစ် မှတ်ယူရပါမယ်" ဟု တုံက အော်စတင်ကို ပြောကြားခဲ့သည်။

"စစ်ဘက်နယ်ပယ်ဟာ ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုကို တည်ငြိမ်စေပြီး အကျပ်အတည်း ကြီးကြီးမားမား ဖြစ်ပေါ်ခြင်းမရှိအောင် တားဆီးရာမှာ အဓိကကျတယ်" ဟုလည်း ၎င်းက ဆိုသည်။

သို့သော် ထိုင်ဝမ်အရေးသည် တရုတ်၏ အဓိကအကျိုးစီးပွားများ၏ ဗဟိုချက်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့ပြီး ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်ကို သတိပေးခဲ့သည်။ ထို့အတူ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ တရုတ်၏ သဘောထားကို လေးစားမှုရှိရန်လည်း ၎င်းက အမေရိကန်ကို တိုက်တွန်းခဲ့သည်။ 

Ref: AFP



 

Most Read

Most Recent