ကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်းဖြစ်သော Forbes က ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်း၌ စီရော်နယ်လ်ဒိုက နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် ဘောလုံးလောကမှ ငါးဦးဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။
Forbes မဂ္ဂဇင်းသည် ကမ္ဘာတစ်ဝန်းရှိ ဝင်ငွေအကောင်းဆုံး အားကစားသမား ၅၀ စာရင်းကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး ကွင်းတွင်းရရှိသည့် ဆုကြေးနှင့် စာချုပ်ဝင်ငွေ၊ ကွင်းပြင်ပရရှိသည့် စပွန်ဆာဝင်ငွေများကို တွက်ချက်ထားခြင်းဖြစ်သည်။
အသက် ၃၉ နှစ်ရှိပြီဖြစ်သည့် ပေါ်တူဂီလက်ရွေးစင်အသင်း နှင့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၂၀၀ နှင့် ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၆၀၊ စုစုပေါင်း ဒေါ်လာ သန်း ၂၆၀ ဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၎င်းအနေဖြင့် Forbes မဂ္ဂဇင်း၏ ဝင်ငွေအကောင်းဆုံး ထိပ်ဆုံးနေရာတွင် နောက်ဆုံးနှစ်နှစ်ဆက်တိုက်အပါအဝင် စုစုပေါင်းလေးကြိမ်မြောက် (၂၀၁၆၊ ၂၀၁၇၊ ၂၀၂၃၊ ၂၀၂၄) ရပ်တည်နိုင်ခြင်းဖြစ်သည်။
နာမည်ကြီး စပိန်ဂေါ့ဖ်ကစားသမား ဂျွန်ရမ်က ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၁၉၈ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၂၀၊ စုစုပေါင်း ဒေါ်လာ ၂၁၈ သန်းဖြင့် ဒုတိယ နေရာ ရပ်တည်နိုင်ခဲ့သည်။ ဂျွန်ရမ် (၂၉ နှစ်) သည် ပြီးခဲ့သည့်နှစ်အတွင်း PGA Tour ပွဲစဉ်လေးခုအထိ ဗိုလ်စွဲပြီး အအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို ဒီဇင်ဘာတွင် LIV Golf သို့ ရွှေ့ပြောင်းကစားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းအနေဖြင့် LIV Golf နှင့် သုံးနှစ်စာချုပ်အတွက် ဒေါ်လာသန်း ၃၀၀ အထိ ရရှိမည်ဖြစ်သည်။
၎င်းတို့၏နောက်တွင် အာဂျင်တီးနား အသင်းနှင့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၆၅ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၇၀၊ စုစုပေါင်း ဒေါ်လာ ၁၃၅ သန်းဖြင့် တတိယ၊ LA Lakers အသင်း၏ အမေရိကန်ဘက်စကတ်ဘောသမား လီဘရွန်ဂျိမ်းစ်က ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၄၈ ဒသမ ၂ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၈၀၊ စုစုပေါင်း ဒေါ်လာ ၁၂၈ ဒသမ ၂ သန်းဖြင့် စတုတ္ထ၊ မီဝေါကီဘက် အသင်း၏ ဂရိဘက်စကတ်ဘောသမား ယန်နစ်အန်တီတိုကွန်ပိုက ကွင်းတွင်းဝင်ငွေ ဒေါ် လာ ၄၆ သန်း၊ ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၆၅ သန်း၊ စုစုပေါင်း ဒေါ်လာ ၁၁၁ သန်းဖြင့် ပဥ္စမ၊ PSG အသင်းနှင့် လမ်းခွဲတော့မည့် ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက ဒေါ်လာသန်း ၁၁၀ ဖြင့် အဆင့် ၆၊ ဆော်ဒီ ကလပ် အယ်လ်ဟီလာအသင်း၏ ဘရာဇီးလ် တိုက်စစ်မှူး နေမာက ဒေါ်လာ ၁၀၈ သန်းဖြင့် အဆင့် ၇၊ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ် အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ဒေါ်လာ ၁၀၆ သန်းဖြင့် အဆင့် ၈၊ ဂိုးလ်ဒင်း စတိတ်ဝါရီယာအသင်း၏ အမေရိကန်ဘက် စကတ်ဘောသမား စတီဖင်ကာရီက ဒေါ်လာ ၁၀၂ သန်းဖြင့် အဆင့် ၉၊ အမေရိကန် NFL ကစားသမား လာမာဂျက်ဆန်က ဒေါ်လာ ၁၀၀ ဒသမ ၅ သန်းဖြင့် အဆင့် ၁၀ နေရာ ရပ်တည်ခဲ့သည်။
ယခုစာရင်း၏ ထိပ်ဆုံး ၁၀ ဦးနေရာတွင် ဘောလုံးလောကမှ ငါးဦးဖြင့် အများဆုံးပါဝင်နေပြီး ဟာလန်း (မန်စီးတီး) က ဒေါ်လာ ၆၁ သန်းဖြင့် အဆင့် ၂၇၊ ဆာလာ (လီဗာပူးလ်) က ဒေါ်လာ ၅၃ သန်းဖြင့် အဆင့် ၃၈၊ မာနေး (အယ်လ်နာဆာ) က ဒေါ်လာ ၅၂ သန်းဖြင့် အဆင့် ၄၀ နေရာ ရပ်တည်နိုင်ခဲ့သည်။















