အသင်း၏ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည့် ဇာဗီ၏မှတ်ချက်ကို ဘာစီလိုနာဘုတ်အဖွဲ့ဝင်များ ဒေါသထွက်နေကြပြီး နည်းပြရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုများရှိနေ

အသင်း၏ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည့် ဇာဗီ၏မှတ်ချက်ကို ဘာစီလိုနာဘုတ်အဖွဲ့ဝင်များ ဒေါသထွက်နေကြပြီး နည်းပြရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုများရှိနေ
Photo: Getty Images
Photo: Getty Images
Published 18 May 2024

 

ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဝင်များသည် အသင်း၏ဘဏ္ဍာရေးအခြေအနေနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည့် အသင်းနည်းပြ ဇာဗီ၏မှတ်ချက်ကို ဒေါသထွက်နေပြီး ၎င်းအား ရာထူးမှထုတ်ပယ်ရန် အသင်းဥက္ကဋ္ဌ လာပေါ်တာကို တောင်းဆိုမှုများရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ဘာစီလိုနာဂန္ထဝင်ကစားသမား ဇာဗီ သည် ၂၀၂၁ နိုဝင်ဘာတွင် ဘာစီလိုနာအသင်းနည်းပြအဖြစ် စတင်ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ ဘာစီလိုနာအသင်းကို ဇာဗီ ကိုင်တွယ်ချိန်တွင် အသင်းမှာ ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် ၎င်းအတွက် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ရုန်းကန်ခဲ့ရပြီး ဇာဗီသည် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာခဲ့ရသည့်အထိ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ လာမည့်ရာသီတွင်လည်း ဘာစီလိုနာကို ဆက်လက်ကိုင်တွယ်မည်ဟု ကြေညာခဲ့သည်။ 

သို့သော် ယခုအခါ ဘာစီလိုနာအသင်းသည် အသင်းဘဏ္ဍာရေးအခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည့် ဇာဗီ၏မှတ်ချက်ကို ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက် ၎င်းအား အသင်းနည်းပြရာထူးမှထုတ်ပယ်ရန် စဉ်းစားနေကြောင်း သိရှိရသည်။ ဇာဗီသည် အယ်လ်မီးရီးယားအသင်းနှင့် ကစားသည့်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အသင်း၏ဘဏ္ဍာရေးအခြေအနေနှင့် လာမည့်နွေရာသီတွင် ကစားသမားသစ်များ ခေါ်ယူရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။ ဇာဗီက အသင်း၏ ဘဏ္ဍာရေးမှာ အရင်လိုမဟုတ်သည့်အတွက် နည်းပြအနေဖြင့် လုပ်ကိုင်ရသည်မှာ ခက်ခဲကြောင်း မီဒီယာများထံ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

ဇာဗီက "ကလပ်အသင်းအနေနဲ့ စီးပွားရေးအရ ယှဉ်ပြိုင်ဖို့ရှုပ်ထွေးခက်ခဲတယ်ဆိုတာကို နားလည်သင့်ပါတယ်။ အခု ဘာစီလိုနာဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က ဘာစီလိုနာအသင်းနဲ့ ဘာမှမတူတော့ပါဘူး။ အရင်တုန်းက ဘာစီလိုနာအသင်းကို ရောက်လာတဲ့ နည်းပြက ငါဘယ်ကစားသမားကို လိုချင်တယ်။ ဘယ်သူ့ကို ခေါ်ချင်တယ်လို့ ပြောလိုက်ရုံပဲ။ အခုတော့ အဲဒီလိုလုပ်လို့မရတော့ဘူး။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အဲဒီအချက်တွေကို ညှိနှိုင်းတိုင်ပင်ဖို့ လိုတာပါ။ ကစားသမားသစ်တွေ ခေါ်ယူဖို့ ခက်ခဲတာကြောင့် ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုတွေကို စိန်မခေါ်နိုင်ဘူး။ မယှဉ်ပြိုင်နိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းတည်ငြိမ်ဖို့နဲ့ အချိန်ယူဖို့ လိုပါတယ်။ ကောင်းတဲ့အရာတွေအတွက် ကျွန်တော်တို့ ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့ ရလဒ်တွေကတော့ ဆိုးခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

 

ဇာဗီသည် ၎င်းင်း၏ပြောဆိုမှုနှင့်ပတ်သက်ပြီး ဖြေရှင်းရန်လည်း ပြန်လည်ကြိုးစားခဲ့သေးသည်။ ဇာဗီက "ကျွန်တော်ကတော့ ကျွန်တော် ထင်တာကို ပြောတာပါ။ အသင်းရဲ့ စီးပွားရေးအခြေအနေက အကောင်းဆုံးပုံစံမှာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အခု အခြေအနေကို တိုးတက်ဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့အတွက်လည်း တိုက်ပွဲဝင်သွားမှာပါ။ အဲဒီအရာတွေက ဘာမှမပြောင်းလဲပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်း၏ ဒါရိုက်တာများနှင့် ဘုတ်အဖွဲ့ဝင်များသည် အသင်း၏ဘဏ္ဍာရေးအခြေအနေကို ယခုကဲ့သို့ လူသိရှင်ကြား ပြောကြားခဲ့သည့် အသင်းနည်းပြ ဇာဗီအပေါ် စိတ်ဆိုးဒေါသထွက်နေကြကြောင်း သိရှိရသည်။ ထို့ကြောင့် ၎င်းတို့သည် အသင်းနည်း ပြ ဇာဗီအား ရာထူးမှထုတ်ပယ်ရန် အသင်း ဥက္ကဋ္ဌ လာပေါ်တာကို တောင်းဆိုခဲ့ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုအခါ ဇာဗီကို ရာထူးမှထုတ်ပယ်ရန်စဉ်းစားနေပြီး  နွေရာသီအပြောင်းအရွှေ့စျေးကွက်မဖွင့်မီ နည်းပြသစ်တစ်ဦး ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent