အမေရိကန်အသင်းပိုင်ရှင် တော့ဒ်ဘိုလီလက်ထက်တွင် ချယ်လ်ဆီးအသင်း၏ ကစားသမားခေါ်ယူမှု အသုံးစရိတ် ယူရို ၁ ဒသမ ၃၂ ဘီလျံရှိပြီး ၂၀၂၄-၂၅ ရာသီ လူစာရင်းတွင် ၄၃ ဦးအထိရှိနေ

အမေရိကန်အသင်းပိုင်ရှင် တော့ဒ်ဘိုလီလက်ထက်တွင် ချယ်လ်ဆီးအသင်း၏ ကစားသမားခေါ်ယူမှု အသုံးစရိတ် ယူရို ၁ ဒသမ ၃၂ ဘီလျံရှိပြီး ၂၀၂၄-၂၅ ရာသီ လူစာရင်းတွင် ၄၃ ဦးအထိရှိနေ
Photo: Proshots
Photo: Proshots
Published 17 August 2024

 

ချယ်လ်ဆီးအသင်းသည် အမေရိကန်အသင်းပိုင်ရှင် တော့ဒ်ဘိုလီလက်ထက်တွင် ကစားသမားခေါ်ယူမှု အသုံးစရိတ် ယူရို ၁ ဒသမ ၃၂ ဘီလျံအထိရှိပြီး ၂၀၂၄-၂၅ ရာသီအတွက် လူစာရင်းတွင် ကစားသမား ၄၃ ဦးအထိရှိနေကြောင်း သိရသည်။

ဘိုလီဦးဆောင်သည့် BlueCo လုပ်ငန်းစုသည် ၂၀၂၂ ခုနှစ် မေလတွင် ချယ်လ်ဆီး အသင်းကို လွှဲပြောင်းဝယ်ယူခဲ့ပြီး အပြောင်းအရွှေ့ကာလငါးခုအတွင်း ကစားသမားခေါ်ယူမှု အသုံးစရိတ်မှာ ယူရို ၁ ဒသမ ၃၂ ဘီလျံ အထိရှိနေခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ဥက္ကဋ္ဌအဖြစ် ဘိုလီတာဝန်ယူပြီးနောက် အပြောင်းအရွှေ့ကာလတစ်ခုလျှင် ပျမ်းမျှ ကစားသမားရှစ်ဦးဝန်းကျင် ခေါ်ယူထားပြီး တစ်ဦးလျှင် ပျမ်းမျှယူရို ၃၃ သန်း အသုံးပြုထားကြောင်း အပြောင်းအရွှေ့နှင့် စျေးကွက်တန်ဖိုးများ ထုတ်ပြန်ပေးနေသည့် Transfermarkt ဝက်ဘ်ဆိုက်၏ ဖော်ပြမှုအရ သိရသည်။

ချယ်လ်ဆီးအသင်းအား ၂၀၀၃ မှ ၂၀၂၂ ခုနှစ်အထိ ၁၉ နှစ်ကြာပိုင်ဆိုင်ခဲ့သည့် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်လက်ထက်တွင် ကစားသမားခေါ်ယူမှုအသုံးစရိတ် ယူရို ၂ ဒသမ ၃၄ ဘီလျံရှိပြီး ကစားသမားရောင်းချခြင်းမှ ယူရို ၁ ဒသမ ၃၃ ဘီလျံ ပြန်လည်ရရှိခဲ့သောကြောင့် အသားတင်အသုံးစရိတ် စုစုပေါင်းမှာ ယူရို ၁ ဒသမ ၀၁ ဘီလျံရှိခဲ့သည်။ 

ဘိုလီလက်ထက် နှစ်နှစ်အတွင်းမှာပင် ကစားသမားခေါ်ယူမှုအသုံးစရိတ် ယူရို ၁ ဒသမ ၃၂ ဘီလျံရှိပြီး ကစားသမားရောင်းချခြင်းမှ ယူရိုသန်း ၄၅၀ ပြန်လည်ရရှိထားရာ အသားတင်အသုံးစရိတ် စုစုပေါင်းမှာ ယူရိုသန်း ၈၇၀ အထိရှိကြောင်း သိရသည်။ အေဘရာ မိုဗစ်ချ်လက်ထက်တွင် ဆုဖလား ၁၄ လုံးအထိ ရယူနိုင်ခဲ့ပြီး ဘိုလီလက်ထက်တွင်မူ ဖလားလက်မဲ့အခြေအနေ ရင်ဆိုင်နေရသလို နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ထားသည်။

ထို့ပြင် ၂၀၂၄-၂၀၂၅ ရာသီအတွက် ချယ်လ်ဆီးအသင်း၏ လူစာရင်းတွင် ကစားသမား ၄၃ ဦးအထိရှိနေသဖြင့် ပြိုင်ဘက်အသင်းပရိသတ်များနှင့် မီဒီယာများ၏ လှောင်ပြောင်မှုခံနေရကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းတွင် ဂိုးသမားနေရာအတွက် ခြောက်ဦး၊ နောက်ခံလူနေရာအတွက် ၁၂ ဦး၊ ကွင်းလယ်နေရာအတွက် ၁၄ ဦး၊ တိုက်စစ် နေရာအတွက် ၁၁ ဦးအထိ ရှိနေခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏စည်းမျဉ်းအရ ကလပ် အသင်းများအနေဖြင့် သြဂုတ် ၃၁ ရက်မတိုင် မီ ကစားသမား ၂၅ ဦးစာရင်း မှတ်ပုံတင်ရမည် ဖြစ်သည်။ အဆိုပါ ၂၅ ဦးအနက် အကယ်ဒမီကစားသမား အနည်းဆုံး ရှစ်ဦးပါဝင်ရမည်ဖြစ်ပြီး လူငယ်ကစားသမား များကိုမူ ယူ-၂၁ အဖြစ် မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ရာသီအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ည ၁၀ နာရီတွင် ချန်ပီယံ မန်စီးတီးအသင်းနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။