ယူကရိန်းသို့ စစ်သားများစေလွှတ်သွားမည်မဟုတ်ဟု အမေရိကန် ပြောကြား

ယူကရိန်းသို့ စစ်သားများစေလွှတ်သွားမည်မဟုတ်ဟု အမေရိကန် ပြောကြား
ဖေဖော်ဝါရီ ၂၄ ရက်က အင်္ဂလန်နိုင်ငံ အရှေ့ပိုင်းရှိ စစ်စခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂၄ ရက်က အင်္ဂလန်နိုင်ငံ အရှေ့ပိုင်းရှိ စစ်စခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo:AFP)
Published 28 February 2024

ယူကရိန်းနိုင်ငံသို့ စစ်သားများ စေလွှတ်သွားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စု၏ တပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုအစီအစဉ်ကို  စာရင်းမှဖယ်ထုတ်ရန် ငြင်းဆိုခဲ့ပြီးနောက် အိမ်ဖြူတော်၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“အမေရိကန်ဟာ ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ဖို့ စစ်သားတွေကို စေလွှတ်မှာမဟုတ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်”ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အန်ဒရီယန်နီဝတ်ဆန်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ရှိ အမေရိကန်သံရုံးတွင်သာ အမေရိကန်စစ်သားများရှိနေပြီး ထိုစစ်သားများသည် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့မှုများအတွက် ရှင်းလင်းတင်ပြရန် အရေးကြီးသည့် အလုပ်တာဝန်ကို လုပ်ဆောင်နေကြောင်း အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန် စစ်သားများကို မိုင်းရှင်းလင်းရေး၊ လက်နက်ထုတ်လုပ်ရေး သို့မဟုတ် ဆိုက်ဘာစစ်ဆင်ရေးအတွက် စေလွှတ်ထားခြင်းမရှိကြောင်း ယူကရိန်းက ငြင်းဆိုထားသော်လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတက်ဖန်နီစီဂျွန်က အနောက်နိုင်ငံများမှ စစ်သားများကို ထိုကဲ့သို့ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရန် စေလွှတ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသို့ စစ်သားများစေလွှတ်မည် ဟုတ်မဟုတ်ဆိုသည့် ဆုံးဖြတ်ချက်သည် ပြင်သစ် သို့မဟုတ် အခြားနေတိုးနိုင်ငံများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်လာလိမ့်မည်ဟုလည်း စီဂျွန်က ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုကဲ့သို့သော စစ်သင်တန်းများပေးရန် စစ်သားများ စေလွှတ်မည်ဟုတ် မဟုတ်ကို သတင်းထောက်များက မေးမြန်းခဲ့ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မက်သူးမီလာက ဘိုင်ဒင်အစိုးရအဖွဲ့သည် ယူကရိန်းသို့ စစ်သားများ ဖြန့်ကြက်ချထားမှုကို ဆန့်ကျင်ကြောင်း ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ ယူကရိန်းရဲ့ မြေပြင်ပေါ်မှာ စစ်သားတွေ စေလွှတ်မထားပါဘူး။ သမ္မတကလည်း ဒါကို ရှင်းအောင်ပြောထားပြီးပါပြီ”ဟု မီလာက သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စမှာ ယူကရိန်းအား စစ်ရေးအကူအညီသစ် များပေးမည့်အစီအစဉ်ကို လွှတ်တော်က အတည်ပြုစေရန် လုပ်ဆောင်ရေးဖြစ်သည်ဟု အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“အခြေခံအားဖြင့် ကျွန်တော်တို့ဟာ အောက်လွှတ်တော်မှာ နှောင့်နှေးကြန့်ကြာနေတဲ့ ယူကရိန်းအတွက် အကူအညီပေးရေး အစီအစဉ်ကို အောင်မြင်အောင် လုပ်ဆောင်စေဖို့ ထင်ပါတယ်”ဟု မီလာက ပြောကြားခဲ့ သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်ပြီး ရီပတ်ဘလစ်ကန် လူများစု၏ ခေါင်းဆောင်ဖြစ်သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကမူ ယူကရိန်းအတွက် အကူအညီပေးရန် ဒေါ်လာ ၆၀ ဘီလျံတန်ကြေးရှိ ဘိုင်ဒင်အစိုးရ၏ တောင်းဆိုချက်ကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြုရန် ငြင်း ဆိုခဲ့သည်။

                                          Ref:AFP

Most Read

Most Recent