အမေရိကန်ဗဟို ကွပ်ကဲရေးဌာန(CENTCOM)တပ်ဖွဲ့များက ဟူရ်သီတို့၏ မောင်းသူမဲ့ ရေပေါ်သွားရေယာဉ်များနှင့် သင်္ဘောဖျက် ခရုစ်ဒုံးကျည်များကို တိုက်ခိုက်

အမေရိကန်ဗဟို ကွပ်ကဲရေးဌာန(CENTCOM)တပ်ဖွဲ့များက ဟူရ်သီတို့၏ မောင်းသူမဲ့ ရေပေါ်သွားရေယာဉ်များနှင့် သင်္ဘောဖျက် ခရုစ်ဒုံးကျည်များကို တိုက်ခိုက်
ယီမင်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် လေယာဉ်တင်သင်္ဘောပေါ်မှ လေယာဉ်တစ်စီး ပျံတက်သွားပုံကို ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ယီမင်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် လေယာဉ်တင်သင်္ဘောပေါ်မှ လေယာဉ်တစ်စီး ပျံတက်သွားပုံကို ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 27 February 2024

အမေရိကန်တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ယီမင်နိုင်ငံထဲက မောင်းသူမဲ့ရေပေါ်သွား ရေယာဉ်သုံးစီးနှင့်ခရုစ်ဒုံးကျည် နှစ်စင်းတို့ကိုလည်းကောင်း၊ ပင်လယ်နီတွင် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကိုလည်းကောင်း တိုက်ခိုက်ခဲ့ပြီး ၎င်းတို့သည် ပင်လယ်နီ၌ သင်္ဘောများအတွက်ချက်ချင်းဖြစ်လာနိုင်သော ခြိမ်းခြောက်မှုဖြစ်သည်ဟုဆိုသည်။

ယီမင်ဒေသအများအပြားကို ထိန်းချုပ်ထားသော ဟူသီရ်သည် အရေးပါသော ရေလမ်းကြောင်းကို နိုဝင်ဘာကတည်းက အနှောင့်အယှက်ပေးနေခဲ့သည်။ အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ဂါဇာရှိပါလက်စ တိုင်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်းပြသသည့် အနေဖြင့်ယင်းသို့      တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဟူသီရ်အဖွဲ့က ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက် တိုက်ခိုက်မှုများတွင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM)က မောင်းသူမဲ့ ရေပေါ်သွားရေယာဉ်သုံးစီး၊ ရွှေ့လျားသင်္ဘောဖျက် ခရုစ်ဒုံးကျည်နှစ်စင်း၊ တစ်လမ်းသွား မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းတို့ကို တိုက်ခိုက်ခဲ့သည်ဟု CENTCOM က လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

“ရေယာဉ်လက်နက်တွေနဲ့ ဒုံးကျည်တွေကို ပင်လယ်နီဘက်ကို ပစ်လွှတ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်”ဟု CENTCOM က ဖော်ပြခဲ့ပြီး ဒရုန်းသည် လေပေါ်တွင်ပျံနေသည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို ဆာနားစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်မှ ည ၁၁ နာရီ ၄၅ မိနစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် တိုက်ခိုက်မှုများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“အဲဒါတွေဟာ ပင်လယ်နီမှာ ကုန်သင်္ဘောတွေနဲ့ အမေရိကန်ရေတပ်သင်္ဘောတွေအတွက် ချက်ချင်းဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ အမေရိကန်ဗဟို ကွပ်ကဲရေးဌာန တပ်ဖွဲ့တွေက ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဖော်ပြထားသည်။

လွန်ခဲ့သော သီတင်းပတ်ကုန်တွင် အမေရိကန်နှင့်ဗြိတိန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံထဲက တည်နေရာရှစ်ခုတွင်ရှိသော ဟူသီရ်ပစ်မှတ် ၁၈ ခုကို တိုက်ခိုက်ခဲ့သည်။ လက်နက်ဂိုဒေါင်များ၊ တိုက်ခိုက်ရေး ဒရုန်းများ၊ လေကြောင်းကာကွယ်ရေး စနစ်များ၊ ရေဒါများ၊ ရဟတ်ယာဉ်တစ်စင်းတို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းတွင် ဟူသီရ်တရားဝင်သတင်းဌာနက ဖော်ပြခဲ့သည်။

နိုဝင်ဘာလလယ်ကတည်းက ကုန်သင်္ဘောများနှင့် ရေတပ်သင်္ဘောများကိုတိုက်ခိုက်မှု အကြိမ်ရေ ၄၅ ခုကျော်လုပ်ဆောင်ထားခြင်းသည် ကမ္ဘာ့စီးပွားရေးကိုသာမကဒေသဆိုင်ရာ လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့ ကိုပါခြိမ်းခြောက်မှုဖြစ်သည်ဟု သြစတြေးလျ၊ ဒိန်းမတ်၊ ဘာရိန်း၊ ကနေဒါတို့အပါအဝင် အခြားနိုင်ငံများက လက်မှတ်ရေးထိုးထားသော ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်လယ်နီတွင်တိုက်ခိုက်မှုများအား အမေရိကန်နှင့်ဗြိတိန်တို့က စစ်ရေးအရတုံ့ပြန်မှုများ စတင်လုပ်ဆောင်ခဲ့ပြီးကတည်းက ယင်းနှစ်နိုင်ငံ၏ အကျိုးစီးပွားများသည် တရားဝင်ပစ်မှတ်များဖြစ်သည်ဟု ဟူသီရ်က ကြေညာထားသည်။                        

Ref: AFP

Most Read

Most Recent