ရုရှားနိုင်ငံကို ခြိမ်းခြောက်၍ ရလိမ့်မည်မဟုတ်ဟု ရွေးကောက်ပွဲအပြီး အောင်ပွဲမိန့်ခွန်းတွင် သမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြား

ရုရှားနိုင်ငံကို ခြိမ်းခြောက်၍ ရလိမ့်မည်မဟုတ်ဟု ရွေးကောက်ပွဲအပြီး အောင်ပွဲမိန့်ခွန်းတွင် သမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြား
Published 18 March 2024
Ref:AFP

နှစ်ပေါင်း ၂၀၀ ကျော်တွင် အေဂျီဘီဒိုယဗိုလ်မှူကြီးဟောင်းပူတင်ကို သက်တမ်းအကြာဆုံး ရုရှားခေါင်းဆောင်ဖြစ်လာစေခဲ့သော ရွေးကောက်ပွဲ၏အောင်ပွဲကို ချီးကျူးပြောဆိုခဲ့သော သမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံကို ခြိမ်းခြောက်၍ရလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

အသက် ၇၁ နှစ်အရွယ် ပူတင်၏ အဓိကပြိုင်ဘက်အားလုံးသည် သေသူသေ၊ ထောင်ကျသူကျ၊ ပြည်ပြေးဘဝရောက်သူရောက်သဖြင့် ၎င်းသည် ၎င်း၏အုပ်စိုးမှုကို လူသိရှင်ကြား အတိုက်အခံလုပ်သူ သို့မဟုတ် ယူကရိန်းတွင် ၎င်းဆင်နွှဲနေသော ထိုးစစ်ကို အတိုက်အခံလုပ်သူများကို မညှာမတာဖြိုခွင်းခဲ့သည်။

“ခင်ဗျားတို့ပြည်သူတွေရဲ့ထောက်ခံမှု၊ ခင်ဗျားတို့ပြည်သူတွေရဲ့ ဒီယုံကြည်မှုအတွက် နိုင်ငံသားအားလုံးကို ကျွန်တော်ကျေးဇူးတင်ချင်ပါတယ်” ဟု မဲရုံများ ပိတ်လိုက်ပြီးနောက် နာရီပိုင်းအတွင်း မော်စကို ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကို ဘယ်သူက ဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ၊ အရေးမစိုက်ပါဘူး။ ကျွန်တော်တို့ကို ဘယ်သူက ဘယ်လောက်ပဲ ဖိနှိပ်ချင်ပါစေ ၊အရေးမစိုက်ပါဘူး။ ဒီလိုလုပ်ဆောင်တာကို သမိုင်းမှာဘယ်သူမှ မအောင်ခဲ့ပါဘူး။ ခြိမ်းခြောက်တာဟာ အခုချိန်မှာလည်း အလုပ်မဖြစ်ပါဘူး။ နောင်မှာလည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဘယ်တော့မှလည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မဲရုံ ၉၉ ရာခိုင်နှုန်းကျော်က ရလဒ်များကို တင်ပြလာခြင်းနှင့်အတူ ပူတင်သည် မဲအားလုံး၏ ၈၇ ရာခိုင်နှုန်းကို ရရှိခဲ့သည်ဟု တရားဝင်ရွေးကောက်ပွဲ အချက်အလက်များတွင် ဖော်ပြထားကြောင်း အစိုးပိုင် RIA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ယင်းသည် စစ်မှန်သော ပြိုင်ဆိုင်မှုကို ရင်ဆိုင်ခဲ့ရခြင်းမရှိသော သမ္မတရွေးကောက်ပွဲတွင် စံချိန်တင်အောင်ပွဲဖြစ်သည်။

ပြင်းထန်သော ယူကရိန်းဗုံးကြဲတိုက်ခိုက်မှုများ မြင့်တက်လာပြီး ယူကရိန်းလိုလားသော အုပ်စုများက ရုရှားပိုင်နက်အတွင်း ထိုးဖောက်ဝင်ရောက်ကာ မဲရုံးများ၌ ရမ်းကားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ခြင်းနှင့်အတူ သုံးရက်ကြာရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ကရင်မလင်သည် အင်အားအပြည့်အသုံးပြုထားသော ယူကရိန်းစစ်ဆင်ရေးကို အရှိန်သြဇာအဖြစ် အသုံးပြုလျက်ရုရှားနိုင်ငံသားများအတွက် အခါသမယတစ်ခုအဖြစ် ရွေးကောက်ပွဲကို ပုံဖော်ခဲ့ခြင်းဖြစ်ပြီး ရုရှား ထိန်းချုပ်ထားသော ယူကရိန်းနယ်မြေများတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။

ပူတင်သည် မတ် ၁၈ ရက် စောစောပိုင်းတွင် ပြောကြားခဲ့သည့် ရွေးကောက်ပွဲအပြီး အောင်နိုင်ရေးမိန့်ခွန်းတွင် ယူကရိန်း၌ တိုက်ပွဲဝင်နေသော ရုရှားတပ်သားများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းက ရုရှားကို ဝေဟင်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ပြီး ယူကရိန်းလိုလားသော ပြည်သူ့စစ်များက ရုရှားနယ်စပ်ကျေးရွာများကို လက်နက်ကိုင် စီးနင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် သီတင်းပတ်အတွင်း ပူတင်က စစ်မြေပြင်တွင် ၎င်း၏တပ်ဖွဲ့များ သိသိသာသာ အသာစီးရနေကြောင်း ပြောကြားခဲ့သည်။

“ရုရှားတပ်တွေက လုံးလုံးလျားလျား လက်ဦးမှု ရယူခဲ့ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။                                 

Most Read

Most Recent