ကိုဗစ်၊ ရာသီဥတုနှင့် ကမ္ဘာ့စီးပွားရေး

ကိုဗစ်၊ ရာသီဥတုနှင့် ကမ္ဘာ့စီးပွားရေး
Published 12 May 2024
​​​​​​​ဒေါက်တာလွင်သန့်

 

   ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့အထိ ကမ္ဘာမှာ ကိုဗစ်(COVID-19) ဖြစ်ပွါးသူ ၇၀၄ ဒသမ ၇ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၉၅ ဦးရှိခဲ့ပြီး မြန်မာနိုင်ငံမှာကိုဗစ်(COVID-19) ဖြစ်ပွားသူ ၆၄၁၈၇၃ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၉၅ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

          ပြီးခဲ့သီတင်းပတ်က အပူချိန် ၄၈ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်နဲ့ ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာ နံပါတ် (၁) ဆွဲတဲ့ ချောက်မြို့အပါအဝင်မြန်မာနိုင်ငံကမြို့များအပူဆုံး ၁၅ မြို့မှာ မပါတော့ပေမဲ့ မိုးမရွာဘဲ ပူနေဆဲဖြစ်ပါတယ်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာသင်ကျောင်းတွေ အပူလှိုင်းကြောင့် ကျောင်းပိတ်ထားမှုများကို မေလ ၅ ရက်မှာပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်မှာအပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ်ကို သိသိသာသာကျော်လွန်ခဲ့ပြီး ပြင်းထန်တဲ့အပူရှိန်ခံစားခဲ့ကြရပါတယ်။

          သီးခြားဖြစ်စဉ်အနေနဲ့မေ ၄ ရက်အပူလှိုင်းကျရောက်စဉ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့လို့ ကမ္ဘာ့အကြီးဆုံး လမုတောရှိရာ ဆန်ဒါဘန်းစ်ဒေသမှာမြေသုံးဧက ကူးစက်လောင်ကျွမ်းခဲ့ပြီး မေ ၅ ရက်မှာ မီးလောင်မှုထိန်းချုပ်နိုင်ခဲ့တယ်ဆိုပါတယ်။ ရွိုင်ရယ်ဘင်္ဂလားကျားများ ကျက်စားရာနေရာအဖြစ်လည်း လူသိများပါတယ်။

           ပြင်းထန်အပူလှိုင်းကြောင့် ရေပြတ်လပ်ခြင်း၊ မကြာခဏဓာတ်အားပြတ်တောက်ခြင်းတို့ဖြစ်ပေါ်ကာ အရေးပါတဲ့ လက်ခစားအထည်ချုပ်လုပ်ငန်းကဏ္ဍထိခိုက်မှုဖြစ်ပေါ်စေတယ်။

          ၂၀၂၄ ခုနှစ် ဧပြီလဟာ အပူချိန်အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့လဖြစ်ပြီး ဧပြီလမှာ အလွန်ပြင်းထန်မှုကြောင့် နိုင်ငံတစ်ဝန်း စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီးကျောင်းသား ၃၃ သန်းခန့် နေအိမ်မှာသာနေထိုင်ခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အပူလျှပ်ခြင်းကြောင့် လူအသေအပျောက်ရှိခဲ့ပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့အတော်များများမှာတော့ ယခုရက်ပိုင်းအတွင်း နေရာကွက်ကျား မိုးရွာသွန်းတာတွေ ရှိလာပါတယ်။

          အာဖရိက ကင်ညာနိုင်ငံမှာတော့ အကြီးအကျယ်ပျက်စီးစေတဲ့ မိုးများမှု၊ ရေကြီးမှုများ သီတင်းပတ်ချီဖြစ်ပွားခဲ့ခဲ့လို့သေဆုံးသူစုစုပေါင်း ၂၂၈ ဦးအထိရှိလာတယ်လို ့မေ ၅ ရက်မှာ အစိုးရထုတ်ပြန်လိုက်ပြီး အကျပ်အတည်းဟာ လျော့ပါးသွားမယ့်လက္ခဏာ မမြင်သေးဘူးလို့ သတိပေးခဲ့ပါတယ်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟာမေ ၄ ရက်မှာ ကုန်းတွင်းဝင်ရောက်ခဲ့ပြီး အားနည်းသွားကာ ကင်ညာနဲ့အိမ်နီးချင်းတန်ဇန်းနီးယားတို့ကြီးကြီးမားမားပျက်စီးမှုများမှ လွတ်မြောက်ခဲ့ပေမဲ့

နိုင်ငံဟာ မိုးများတဲ့ဒဏ်ကို ကြံ့ကြံ့ခံနေရဆဲဖြစ်ပြီး နောက်ထပ်ရေကြီးမှုများနဲ ့မြေပြိုမှုများ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။ ပုံမှန်ရာသီအလိုက်ပိုများတဲ့မိုးများသီတင်းပတ်ပေါင်းများစွာ ရွာခဲ့တဲ့အပြင် အယ်နီညိုမိုးလေဝသပုံစံကြောင့်လည်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်အားနည်းတဲ့ အရှေ့အာဖရိကဒေသ အများအပြားမှာ ဝရုန်းသုန်းကားအခြေအနေများဖြစ်ပေါ်ခဲ့ပါတယ်။

          အရှေ့အာဖရိကနိုင်ငံအချို့မှာ ရေကြီးမှုများနဲ့မြေပြိုမှုတွေက အိမ်များ၊ ကားလမ်းများ၊ တံတားများကို ရေမြုပ်စေခဲ့တယ်။ အဆိုပါနိုင်ငံတွေမှာလူ ၄၀၀ ကျော်သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ တွယ်ရာမဲ့ဖြစ်ခဲ့ပါတယ်။ "ဒါဟာတော်တော်ဆိုးရွားတဲ့အခြေအနေဖြစ်တယ်။ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါဘူး " လို့ကင်ညာအစိုးရပြောရေးဆိုခွင့်ရှိသူ အိုင်ဆတ်အမ်မော်ရာ ကမေ ၅ ရက်က ဆိုပါတယ်။

          နယ်စပ်တစ်လျှောက် တန်းဇန်းနီးယား မိုးလေဝသအာဏာပိုင်တို့က အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဟိုင်ဒါဖာယာ လုံးလုံးအားပျော့သွားပြီလို့ဆိုပါတယ်။ဟိုင်ဒါယာမုန်တိုင်းဟာမေ ၄ ရက်မှာ မာဖီးယားကျွန်းမှ ကုန်းတွင်းပိုင်းဝင်ရောက်ခဲ့ပြီးနောက် ယခုလုံးဝအားပျော့သွားခြင်းဖြစ်ပါတယ်။ ဟိုင်ဒါယာရဲ့ခြိမ်းခြောက်မှုမရှိတော့ပါဘူးလို့ တန်ဇန်းနီးယားမိုးလေဝသအာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

          တန်ဇန်းနီးယားဟာ ဧပြီလဆန်းကတည်းကရေကြီးမှုအဆိုးရွားဆုံးဖြစ်ပွားနေတဲ့နိုင်ငံတစ်ခုအဖြစ်ရှိနေခဲ့ပြီး ရေကြီးမှုကြောင့်လူ ၁၅၅ ဦးသေဆုံးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

            ကင်ညာမှာ ဆိုင်ကလုန်းမုန်တိုင်းအားနည်းသွားပြီဆိုပေမဲ့ မုန်တိုင်းဟာ လေပြင်းများဖြစ်ပေါ်စေခဲ့ပြီး ကမ်းရိုးတန်းမှာလှိုင်းများဖြစ်ပေါ်စေခဲ့တယ်လို့ကင်ညာ‌အစိုးရပြောခွင့်ရ အမ်မော်ရာကပြောကြားခဲ့တယ်။ ယခုရက်ပိုင်းအထိ မိုးများနေဦးမယ်ဆိုပါတယ်။

    ကိုဗစ်အပြီးနိုင်ငံတကာမှာ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးယှဉ်ပြိုင်မှုများ အရှိန်ကောင်းနေခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ "သင့်တန့် (Think Tank) "အဖွဲ့အစည်းဖြစ်တဲ့ ဩစတြေလျပေါ်လစီအင်စတီကျူး (Australian  strategic policy institute ASPI) က ထုတ်ပြန်တဲ့ အဆင့်မြင့်နည်းပညာတိုးတတ်ရေးဆောင်ရွက်မှု သုတေသနက အံ့ဩဖွယ်ရာမဟုတ်ပေမဲ့ နိုင်ငံတကာကအလေးထားရတဲ့ တွေ့ရှိချက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

           အဆိုပါစာတမ်းမှာ ဖော်ပြခဲ့တဲ့တွေ့ရှိချက်က အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတကာမှဆောင်ရွက်နေရာ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာကဏ္ဌ ၄၄ ခုအနက် ၃၇ ခုမှာ တရုတ်နိုင်ငံက ရှေ့တန်းကနေ ဦးဆောင်နေတယ်ဆိုတဲ့အချက်ဖြစ်တယ်။ (ASPI) ရဲ့သုံးသပ်ဖော်ပြချက်မှာ တရုတ်နိုင်ငံဟာအနာဂတ်ကာလမှာ သိပ္ပံနဲ့နည်းပညာကဏ္ဍ မဟာအင်အားကြီးနိုင်ငံအဖြစ်ဦးဆောင်သွားနိုင်ဖို့ လိုအပ်တဲ့အခြေခံတွေ ချမှတ်တည်ဆောက်နေကြောင်း၊ အရေးပါတဲ့နည်းပညာနဲ ့နောက်ဆုံးပေါ်နည်းပညာကဏ္ဍ အတော်များများမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ရလဒ်တွေရှိစေမယ့် သုတေသနလုပ်ငန်းတွေကို မထင်မှတ်ဖွယ်ရာဦးဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။

          (ASPI) ကဖော်ပြခဲ့တဲ့နောက်ဆုံးပေါ်နည်းပညာကဏ္ဍတွေက ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ စက်ရုပ်နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ဇီဝနည်းပညာကဏ္ဍ၊ ဉာဏ်ရည်တုနည်းပညာကဏ္ဍ (Al-Artificial intelligence) အဆင့်မြင့်ဒြပ်ပစ္စည်း (Advaned materials) နည်းပညာကဏ္ဍနဲ့ ကွမ်တမ်နည်းပညာကဏ္ဍတို့ပဲဖြစ်တယ်။

        (ASPI) ဟာ အခုထုတ်ပြန်တဲ့စာတမ်းအတွက် (၂၀၁၈-၂၀၂၂) ခုနှစ်အထိ တစ်ကမ္ဘာလုံးကပြုလုပ်ရတဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်းတွေအနက်မှ အများဆုံးရည်ညွှန်းကိုးကားခံရတဲ့သုတေသနစာတမ်း ၁၀ ရာခိုင်နှုန်းကို စုဆောင်းခွဲခြမ်းစိတ်ဖြာလေ့လာခဲ့တာဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာလေ့လာမှုတွေရဲ့အကျိုးရလဒ်ကို ခွဲခြမ်းစိတ်ဖြာရာမှာ အသုံးပြုတဲ့ "အိပ်အင်ဒက် (H.index)' ခေါ် စွမ်းဆောင်ရည်စစ်တမ်းကိုလည်း အသုံးပြုနိုင်ခဲ့သလိုနိုင်ငံတစ်နိုင်ငံချင်းအလိုက်တကယ့်ထိပ်တန်းသုတေသနအဖွဲ့အစည်းတွေရဲ့ အရေအတွက် စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြတယ်။

           ငါးနှစ်စီမံကိန်းမှာ တရုတ်နိုင်ငံဟာ ကွမ်တင်သတင်းအချက်အလက်နည်းပညာကဏ္ဍ၊ ဖိုင်တွန်နဲ့ မိုက်ခရိုနာနိုအီလက်ထရွန်နစ်ကဏ္ဍ၊ ကွန်ရက်ဆက်နွယ်မှုနည်းပညာကဏ္ဍ၊ ဉာဏ်ရည်တုနည်းပညာကဏ္ဍ (AI) ဇီဝဆေးဝါးကဏ္ဍနဲ့ စွမ်းအင်သစ်နည်းပညာကဏ္ဍတွေမှာနိုင်ငံတော်အဆင့်သုတေသနစမ်းသပ်ခန်းတွေ တည်ဆောက်သွားဖို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် စက်ရုပ်နည်းပညာကဏ္ဍ (Robotics)၊ စွမ်းအင်သစ်သုံးစွဲတဲ့ မော်တော်ယာဉ်တွေထုတ်လုပ်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍနဲ့ လယ်ယာသုံးစက်မှုကဏ္ဍတွေမှာလည်း ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း (Global competitiveness) ကိုတိုးမြှင့်သွားကြဖို့လည်း ဖော်ပြထားပါတယ်။ တစ်နည်းဆိုရရင် တရုတ်နိုင်ငံကို အဆင့်မြင့်နည်းပညာကုန်ပစ္စည်းထုတ်လုပ်မှုမှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာဖို ့မျှော်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ်။

           တရုတ်နိုင်ငံအနေနဲ ့နိုင်ငံစီးပွါးရေးကို ကာလတိုနဲ့ကာလလယ်အချိန်အတွင်းမှာ တီထွင်ဖန်တီးမှုကို အလေးပေးတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုရရှိလာစေဖို့၊ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတတ်မှုရရှိရေးကို နိုင်ငံရဲ့ငါးနှစ်စီမံကိန်းတွေမှာ ထည့်သွင်းဖော်ပြလာခဲ့တယ်။ ၂၀၂၁-၂၀၂၅ အထိ ၁၄ ကြိမ်မြောက်ငါးနှစ်စီမံကိန်းမှာဆိုရင်သုတေသနဲ့ဖွံ့ဖြိုးတိုးတက်ေရေး (Research  and Development) အတွက်အသုံးစရိတ်ကိုနှစ်စဉ်နိုင်ငံဂျီဒီပီ (GDP) ရဲ့အနည်းဆုံး ခုနစ်ရာခိုင်နှုန်းသုံးစွဲဖို့ဖော်ပြထားပါတယ်။

           ဒါကြောင့် (ASPI) ကသုတေသနပြုရေးသားထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရဆိုရင် တရုတ်နိုင်ငံဟာ အသစ်ထွက်ပေါ်လာတဲ့နည်းပညာကဏ္ဍတွေမှာ ဦးဆောင်ကဏ္ဍမှရှိနေသလို တရုတ်အစိုးရကိုယ်တိုင်ကလည်း နည်းပညာသစ်တွေကို ကိုယ်ကိုယ့်ကိုယ်အားကိုးပြီး အောင်မြင်မှုတွေရရှိလာစေဖို ့ရေရှည်စနစ်တကျဆောင်ရွက်လာမှုတွေကြောင့် မကြာတဲ့ကာလတွေမှာ အဆင့်မြင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးယှဉ်ပြိုင်မှုတွေမှာ ဘယ်လိုအပြောင်းအလဲတွေရှိလာနိုင်မလဲဆိုတာစောင့်ကြည့်သွားဖို့ရှိနေပါတော့တယ်။

       

Most Read

Most Recent