အမေရိကန်က ရုရှား၏ ကြေးစားစစ်သားငှားရမ်းသည့် Wagner အုပ်စုနှင့် ဆက်နွှယ်သော ကုမ္ပဏီများကို ပိတ်ဆို့မှုများချမှတ်

အမေရိကန်က ရုရှား၏ ကြေးစားစစ်သားငှားရမ်းသည့် Wagner အုပ်စုနှင့် ဆက်နွှယ်သော ကုမ္ပဏီများကို ပိတ်ဆို့မှုများချမှတ်
၂၀၂၃ ခုနှစ် ဇွန် ၂၅ ရက်က ရုရှားနိုင်ငံ ရော့စတော့ဗ် အွန်ဒွန်မြို့တွင် Wagner အုပ်စု၏ ကြေးစားစစ်သားများနှင့် တင့်ကားတစ်စီးကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် ဇွန် ၂၅ ရက်က ရုရှားနိုင်ငံ ရော့စတော့ဗ် အွန်ဒွန်မြို့တွင် Wagner အုပ်စု၏ ကြေးစားစစ်သားများနှင့် တင့်ကားတစ်စီးကို တွေ့ရစဉ်(Photo: AFP)
Published 9 March 2024

အမေရိကန်အစိုးရက ရုရှားနိုင်ငံ၏ ကြေးစားစစ်သားများငှားရမ်းသည့် Wagner အုပ်စုနှင့် ဆက်နွှယ်သည့် ကုမ္ပဏီနှစ်ခုကို မတ် ၈ ရက်က ပိတ်ဆို့မှုများချမျတ်ခဲ့ပြီး ရုရှား အစိုးရသည် ထိုကြေးစားစစ်သားငှားရမ်းသည့် Wagner အုပ်စုကို အသုံးချကာ ဝင်ငွေများရရှိရေးအတွက် စီးပွားရေးလုပ်ငန်းများထဲသို့ စိမ်းဝင်ထိုးဖောက်ရန် ကြိုးပမ်းနေပြီး အာဖရိကတွင် ၎င်း၏ အကျိုးစီးပွားများကို ပိုမိုချဲ့ထွင်ရန်လုပ်ဆောင်နေသည်ဟု ပြော ကြားခဲ့သည်။

“အာဖရိကမှာ ရုရှားရဲ့ တရားမဝင်ဘဲ တည်ငြိမ်မှုပျက်ယွင်းစေတဲ့လှုပ်ရှားမှုတွေကို လုပ်နိုင်စွမ်းရှိစေတဲ့ ကွန်ရက်တွေကို ဖြတ်တောက်ဖို့ အမေရိကန်က အာရုံစိုက်လုပ်ဆောင်နေပါတယ်”ဟု အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေး လက်ထောက်ဝန်ကြီး ဘရိုင်ယန် နယ်လ်ဆင်က ပြောကြားခဲ့သည်။

ပိတ်ဆို့မှုချမှတ်ခံခဲ့ရသည့် ကုမ္ပဏီများသည် တရးမဝင် သဘာဝအရင်းအမြစ်များကို ထုတ်ယူမှုမှ ငွေကြေးများ ရရှိရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထိုကုမ္ပဏီများသည် Wagner အုပ်စုနှင့် ထိုအုပ်စုပိုင်ရှင်ဟောင်းဖြစ်သည့် ယက်ဗ်ဂျီနီ ပရီဂိုဇင်နှင့် ဆက်နွှယ်သူများကို ထောက်ခံခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် သြဂုတ်လက ပရီဂိုဇင်သည် မော်စကိုမြို့တော်မှ စိန့်ပီတာစဘတ်ချ်မြို့သို့ လေယာဉ်ဖြင့် သွားရောက်ချိန်တွင် လေယာဉ်ပျက်ကျခဲ့ပြီး သေဆုံးသွားခဲ့သည်။

ပရီဂိုဇင်နှင့် ၎င်း၏ ထိပ်သီးလက်ထောက်များသည် ရုရှားစစ်ဘက်ခေါင်းဆောင်များကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ပြီးနောက် နှစ်လအကြာတွင် ယင်းမတော်တဆမှုဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

မတ် ၈ ရက်က ပိတ်ဆို့မှုချမှတ်ခံခဲ့ရသည့် ကုမ္ပဏီများအနက် ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် အခြေစိုက်သည့် ကျွန်းသစ်ကုမ္ပဏီ  Wood International Group ဟု လူသိများသည့် Bois Rouge ကုမ္ပဏီလည်း ပါဝင်ခဲ့ သည်။ ထိုကုမ္ပဏီသည်  ပရီဂိုဇင်နှင့် ဆက်နွှယ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ပိုင်ခွင့်ရရှိရန်အတွက် Wagner အုပ်စု၏ ဝန်ဆောင်မှုများကို ဗဟိုအာဖရိကသမ္မတ နိုင်ငံအားထောက်ပံ့ပေးနေကြောင်း အမေရိ ကန်က ပြောကြားခဲ့သည်။

နောက်ထပ်ကုမ္ပဏီတစ်ခုမှာ ရုရှားနိုင်ငံအခြေစိုက် Broker Expert ကုမ္ပဏီဖြစ်ပြီး  အာဖရိကတိုက်တွင် ပရီဂိုဇင်၏ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများကို ထောက်ပံ့ပေးခဲ့ရသည့် မှတ်တမ်းများရှိကြောင်း အမေရိကန်က ပြောသည်။

ရုရှား၏ သြဇာကြီးမားသည့် Wagner အုပ်စုသည် မာလီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ဘာကီနာဖာဆိုနိုင်ငံများတွင် လှုပ်ရှားလျက်ရှိသည်။

အမေရိကန်ကမူ Wagner အုပ်စုအပြင် အခြားရုရှား၏ ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာကုမ္ပဏီများကို ထောက်ခံပေးနေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပိတ်ဆို့ မှုများချမှတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း အမေရိကန်အစိုးရသည် ယူကရိန်းကို စစ်ပွဲဆင်နွှဲနေသည့် ရုရှားအား ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း ၉၃ ခုကို ကုန်သွယ်ရေးပိတ်ဆို့မှု အသစ်များ ချမှတ်ခဲ့သည်။         Ref: AFP

Most Read

Most Recent