ပါကစ္စတန်သမ္မတဟောင်း ဇာဒါရီ ဒုတိယသက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရ

ပါကစ္စတန်သမ္မတဟောင်း ဇာဒါရီ ဒုတိယသက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရ
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က လာကာနာမြို့တွင် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုပြုလုပ်နေသည့် ဇာဒါရီကို တွေ့ရစဉ်
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က လာကာနာမြို့တွင် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုပြုလုပ်နေသည့် ဇာဒါရီကို တွေ့ရစဉ်
Published 10 March 2024

ပါကစ္စတန်သမ္မတဟောင်း အဆစ်ဖ်အလီ ဇာဒါရီသည် မတ် ၉ ရက်က လွှတ်တော်နှင့် ဒေသန္တရ အစည်းအဝေးများတွင် ပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှုတွင် အာဏာရညွန့်ပေါင်း အစိုးရ၏ ထောက်ခံမှုဖြင့် သမ္မတအဖြစ် ဒုတိယအကြိမ်မြောက်ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ပါကစ္စတန်တွင် သမ္မတ၏ အခန်းကဏ္ဍသည် အမည်ခံသက်သက်သာ ဖြစ်သော်လည်း ဇာဒါရီသည် ပြန်လည်ပေါင်းစည်းရေးကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သူတစ်ဦး အဖြစ်လူသိများပြီး နိုင်ငံတကာငွေကြေးရန် ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေအသစ်များ မရယူမီ ပါကစ္စတန်၏ ယိုယွင်းနေသည့် စီးပွားရေးကို ပြန်လည်တည်ငြိမ်စေရန် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ကူညီပေးမည်ဖြစ်သည်။

သမ္မတတစ်ဦးအနေဖြင့် ဇာဒါရီသည် ပါကစ္စတန်စစ်တပ်၏ တပ်မှူးချုပ်ဖြစ်လာမည်ဖြစ်ပြီး ပါကစ္စတန်စစ်တပ်သည် အစိုးရအဖွဲ့များကို ဖွဲ့စည်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည်အထိ သြဇာကြီးမားသည်။

လွှတ်တော်နှင့် ဒေသန္တရ အစည်းအဝေးများတွင် ပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှုများ၏ ရလဒ်ကို တရားသူကြီး အမ်မီယာ ဖာရွတ်က ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ကြေညာခဲ့သည်။

ဇာဒါရီသည် ထောက်ခံမဲ ၄၁၁ မဲ ရရှိခဲ့ပြီး ထောက်ခံမဲ ၁၈၁ မဲသာရရှိခဲ့သည့် ပြိုင်ဘက်ဖြစ်သူ မာမွတ်ခန်း အချက်ဇိုင်ကို လွယ်ကူစွာ အနိုင်ရခဲ့သည်။

အချက်ဇိုင်သည် အကျဥး်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီက ထောက်ခံထားသူဖြစ်သည်။

သမ္မတနေရာအတွက် အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် ပြည်နယ်လွှတ် တော်အစည်းအဝေးလေးခုတွင် မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဇာဒါရီသည် ၂၀၀၇ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ ခင်ပွန်းဖြစ်ပြီး ဘူတို၏ PPP ပါတီကို ဦးဆောင်ခဲ့သူဖြစ်သည်။

ဇာဒါရီသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၁ ခုနှစ်က အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံအတွင်း အမေရိကန်အထူးတပ်ဖွဲ့များက ဝင်ရောက်သတ်ဖြတ်ခဲ့ချိန်က ဇာဒါရီသည် ပါကစ္စတန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။

ပထမသက်တမ်းအတွင်း ဇာဒါရီ၏ အကြီးမားဆုံး အောင်မြင်မှုမှာ ယခင်စစ်ခေါင်းဆောင်ဟောင်းများ ကျင့်သုံးခဲ့သည့် သမ္မတလုပ်ပိုင်ခွင့်အာဏာများကို လျှော့ချခြင်းနှင့် ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို ဒေသအစိုးရသို့ လွှဲပြောင်းပေးသည့် တရားရေးနှင့် နိုင်ငံရေးမူဘောင်များကို ချမှတ်နိုင်ရန် နိုင်ငံရေးသဘောတူညီချက်များ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများမှ စပြီး ၂၀၀၄ ခုနှစ်အထိ ဇာဒါရီသည် အဂတိလိုက်စားမှုစွဲချက်များဖြင့် ၁၁ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။

ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဇာဒါရီ ၏ PPP ပါတီသည် စစ်တပ်ကျောထောက် နောက်ခံပြု ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီ (PML-N) နှင့် အခြားပါတီငယ်များနှင့် အတူ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့သည်။

ရွေးကောက်ပွဲတွင် နေရာအများဆုံးရရှိ ခဲ့သည့် PML-N ပါတီခေါင်းဆောင် ရှာဘက်ရှရစ်ဖ်သည် မတ်လ ၃ ရက်က  ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

                             Ref:Reuters

Most Read

Most Recent