■ အာရုံကြော အားနည်းရောဂါ ခံစားနေရသည့် ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း နစက ထုတ်ပြန်

■ အာရုံကြော အားနည်းရောဂါ ခံစားနေရသည့် ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း နစက ထုတ်ပြန်
Published 18 July 2024

အာရုံကြော အားနည်းရောဂါ ခံစားနေရသည့် ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန်နေခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြော အားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများ ခံယူခဲ့ပြီး ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်အထိ အမှတ်( ၂) တပ်မတော်ဆေးရုံကြီး ကုတင်( ၁၀၀၀)တွင် ဆေးကုသမှု ခံယူခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ယင်းကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အာရုံကြော အားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်နေ့နှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ရှစ်ဦး ပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ်ပုံမှန် သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent