သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှုအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန(US Secret Service)က ဟန့်တားနိုင်ခြင်းမရှိခဲ့ဟု ယင်းဌာန၏ ညွှန်ကြားရေးမှူး ဝန်ခံ

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှုအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန(US Secret Service)က ဟန့်တားနိုင်ခြင်းမရှိခဲ့ဟု ယင်းဌာန၏ ညွှန်ကြားရေးမှူး ဝန်ခံ
ကြီးကြပ်ရေးနှင့်တာဝန်ခံမှုဆိုင်ရာ အောက်လွှတ်တော်ကော်မတီ၏ကြားနာပွဲ၌  အမေရိကန်လျှို့ဝှက် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ကင်ဘလေချီတယ် ဖြေကြားနေပုံကို ဇူလိုင် ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ကြီးကြပ်ရေးနှင့်တာဝန်ခံမှုဆိုင်ရာ အောက်လွှတ်တော်ကော်မတီ၏ကြားနာပွဲ၌  အမေရိကန်လျှို့ဝှက် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ကင်ဘလေချီတယ် ဖြေကြားနေပုံကို ဇူလိုင် ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 23 July 2024

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံရန်ကြိုးပမ်းမှုကို အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန(US Secret Service)က ဟန့်တားနိုင်ခြင်းမရှိခဲ့ဟု ဇူလိုင် ၂၃ ရက်တွင် ယင်းဌာန၏ညွှန်ကြားရေးမှူး ကင်ဘလေချီတယ်က ဝန်ခံပြောကြားခဲ့သည် ဆိုသော်လည်း ၎င်းနုတ်ထွက်ပေးရန်ပါတီ နှစ်ရပ်စလုံး၏တောင်းဆိုမှုများကို ၎င်းက ပယ်ချခဲ့သည်။

“လျှို့ဝှက်ထောက်လှမ်းရေးဌာနရဲ့တစ်ခုတည်းသော တာဝန်ကတော့ ကျွန်မတို့ နိုင်ငံရဲ့ခေါင်းဆောင်တွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်”ဟု ကြီးကြပ်ရေးနှင့်တာဝန်ခံမှုဆိုင်ရာ အောက်လွှတ်တော်ကော်မတီ၌ ပြု လုပ်သည့်ကြားနာပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

“ဇူလိုင် ၁၃ ရက်မှာ ကျွန်မတို့ ပျက်ကွက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု လျှို့ ဝှက်ထောက်လှမ်းရေးဌာနရဲ့ညွှန်ကြားရေးမှူးအနေနဲ့ လုံခြုံရေးလစ်ဟင်းမှုမှန်သမျှအတွက် အပြည့်အဝ တာဝန်ယူပါတယ်”ဟု ကင်ဘလေချီတယ်က ပြောကြားခဲ့သည်။

မဲဆွယ်စည်းရုံးရေးပွဲတွင် ဟောပြောစဉ် ညာဘက်နားအနည်းငယ်ဒဏ်ရာရသွားခဲ့သော ထရန့်ကို တိုက်ခိုက်မှုသည် ဆယ်စုနှစ်များစွာအတွင်း လျှို့ဝှက်ထောက်လှမ်းရေးဌာန၏ ထင်သာမြင်သာအရှိဆုံး လုပ်ငန်းဆိုင်ရာပျက်ကွက်မှုဖြစ်သည်ဟု ကင်ဘလေချီတယ်က ဆက်လက်ပြောကြားခဲ့သည်။

“အမှားရှိနေတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါမျိုးဘယ်တော့မှ ထပ်မဖြစ်စေဖို့ ကျွန်မတို့ကြိုးပမ်းမှုအားလုံးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ရီပတ်ဘလီကင်များနှင့်ဒီမိုကရက်များက ကင်ဘလေချီတယ် နုတ်ထွက်ရန်တောင်းဆိုထားကြသည်။ ၎င်းသည် တိုက်ခိုက်မှုနှင့် သက်ဆိုင်သော အသေးစိတ်များကို ထုတ်ပြန်ရန် ငြင်းဆန်ခြင်းဖြင့် ပါတီနှစ်ရပ်စလုံးရှိ လွှတ်တော်အမတ်များကို ဒေါသထွက်စေခဲ့သည်။ အမျိုးမျိုးသော စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်ဟုသာ ၎င်းက ပြောကြားခဲ့သည်။

“အကြမ်းဖျင်းသဘောတော့ ပြောပြနိုင်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

အသက် ၂၀ နှစ်အရွယ်သေနတ်သမားသည် ပင်ဆဲလ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့၌ ပြုလုပ်သော စည်းရုံးရေးပွဲတွင် ပြောကြားနေသော သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို AR-style ရိုင်ဖယ်သေနတ်ဖြင့်ပစ်ခဲ့ သည်။

ကျည်ဆန်ရှစ်တောင့်ကို ပထမဆုံးပစ်ခဲ့ပြီးနောက် စက္ကန့် ၃၀ မပြည့်မီတွင်အနီးရှိ အဆောက်အအုံခေါင်မိုးပေါ်က သေနတ်သမားကိုလျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ လက်ဖြောင့်သေနတ်သမားက ပစ်သတ်ခဲ့သည်။

ဘတ်တလာမြို့မှ မိုင် ၅၀(ကီလိုမီတာ ၈၀)ခန့်ဝေးသောမြို့တွင်နေထိုင်သည့် လူငယ်သည် တစ်ဦးတည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ခိုင်မာသည့်အတွေးအခေါ် သို့မဟုတ် နိုင်ငံရေးဆိုင်ရာ တိမ်းညွှတ်မှုတို့ ရှိနေသည်ဆိုခြင်းကို ဖော်ထုတ်နိုင်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးသူများက ကောက် ချက်ချခဲ့သည်။

စည်းရုံးရေးပွဲကို လာရောက်သူနှစ်ဦး ပြင်းထန်စွာဒဏ်ရာရသွားခဲ့ပြီး အသက် ၅၀ နှစ်အရွယ်ရှိ ပင်ဆဲလ်ဗေးနီးယား မီးသတ်သမား ကိုရေးကွန်ပါရေတိုရီ သေဆုံးသွားခဲ့သည်။

Ref: AFP                                          

Most Read

Most Recent