ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများက အစ္စလာမ်မာဘက်မြို့တော်တွင် စုရုံးဆန္ဒပြ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများက အစ္စလာမ်မာဘက်မြို့တော်တွင် စုရုံးဆန္ဒပြ
စက်တင်ဘာ ၈ ရက်က အစ္စလာမ်မာဘက်မြို့တော်တွင် PTI ပါတီကို ထောက်ခံသူများက ဆန္ဒပြနေစဉ်(Photo:AFP)
စက်တင်ဘာ ၈ ရက်က အစ္စလာမ်မာဘက်မြို့တော်တွင် PTI ပါတီကို ထောက်ခံသူများက ဆန္ဒပြနေစဉ်(Photo:AFP)
Published 10 September 2024

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများသည် စက်တင်ဘာ ၉ ရက်က အစ္စလာမ်မာဘက်မြို့တော်တွင် စုရုံးဆန္ဒပြခဲ့ကြပြီး အာဏာပိုင်များက မြို့တော်အတွင်းသို့ ဝင်သည့် လမ်းများတွင် ဆန္ဒပြသူများကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ကြသည်။

ခန်း၏ PTI ပါတီက ဦးဆောင်ပြုလုပ်သည့် အဆိုပါ ဆန္ဒပြမှုသည် ပြီးခဲ့သည့်နှစ်က စွဲချက်အများအပြားနှင့် ခန်း ထောင်ဒဏ်ချမှတ်ခံခဲ့ပြီးကတည်းက အစ္စလာမ်မာဘက်မြို့တော်တွင် အကြီးမားဆုံး ဆန္ဒပြမှုဖြစ်သည်။

အာဏာပိုင်များ၏ ထိန်းချုပ်မှုများ ရှိခဲ့သည့်တိုင် ဆန္ဒပြသူအရေအတွက်နှင့် လူထုထောက်ခံမှုနှုန်းအရ PTI ပါတီ၏ လူစုနိုင်စွမ်းသည် လျော့ကျခြင်းမရှိကြောင်း ပြသနေသည်ဟု အမေရိကန်အခြေစိုက် ကျွမ်းကျင် ပညာရှင်အဖွဲ့ဖြစ်သည့် ဝီလ်ဆင်စင်တာမှ ပါကစ္စတန်ရေးရာကျွမ်းကျင်သူ မိုက်ကယ် ကူဂျယ်မန်းက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် စက်တင်ဘာ ၉ ရက်က ဆန္ဒပြမှုမတိုင်မီ အစ္စလာမ်မာဘက်မြို့တော်သို့ ဝင်ရောက်သည့် လမ်းများပေါ်တွင် အာဏာပိုင်များ ပိတ်ဆို့ထားသည့် ကွန်တိန်နာများကို ရှင်းလင်းခဲ့ကြသည်။

“သူတို့က မြို့ထဲဝင်မယ့်လမ်းတွေကို ကွန်တိန်နာသေတ္တာတွေနဲ့ ပိတ်ထားပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်နေ တာတောင်မှ လူပေါင်းထောင်ချီ မြို့ထဲဝင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် လူတွေရဲ့ စိတ်ခံစားချက်တွေကို သူတို့ မထိန်းနိုင်တော့ပါဘူး”ဟု PTI အထက်လွှတ်တော်အမတ် ဟူမာယန် မိုမန်းက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် သြဂုတ်လတွက် ထောင်ဒဏ်ချမှတ်ခံရပြီးကတည်းက ခန်းသည် ၎င်း၏ ပါတီနှင့်အတူ စွဲချက်များစွာဖြင့် ရင်ဆိုင်ခဲ့ရပြီး ခန်းကမူ ထိုစွဲချက်များသည် ၎င်းအား နိုင်ငံရေးလောကမှ တားမြစ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခန်းသည် ပါကစ္စတန်တွင် သြဇာလွှမ်းမိုးထားသည့် စစ်တပ်၏ ထောက်ခံမှုနှင့်အတူ ၂၀၁၈ ခုနှစ်တွင် အာဏာရလာခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်တပ်နှင့် ဆက်ဆံရေး ကျိုးပျက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ခန်းသည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ထိုဖြစ်စဉ်သည် စစ်ဗိုလ်ချုပ်များကို နိုင်ငံရေးလောကထဲမှ ထွက်ခွာစေလိုသည့် ပါကစ္စတန်ပြည်သူအများစုကို စိက်ပျက်စေခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ သမိုင်းတွင် စစ်တပ်က ကာလကြာရှည်အုပ်ချုပ်ခဲ့ပြီး သက်တမ်း အပြည့်အဝ တာဝန်ထမ်းဆောင်ခဲ့ရသည့် ဝန်ကြီးချုပ်တစ်ဦးမျှ မရှိခဲ့ပေ။

ခန်းသည် ၂၀၂၃ ခုနှစ် မေလတွင် အကျင့်ပျခြစားမှုစွဲချက်များဖြင့် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ထိုဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်စစ်တပ်သည် ခန်း၏ PTI ပါတီကို ဖိနှိပ်ခဲ့သည်။

သြဂုတ် ၅ ရက်ကလည်း ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ခ်ထန်ခါ၀ါပြည်နယ် ဆွာဘီမြို့တွင် ခန်း၏ PTI ပါတီကို ထောက်ခံသူများက ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ထိုဆန္ဒပြမှုတွင် ခန်းကိုထောက်ခံသူ ၁၀၀၀၀ ကျော်ပါဝင်ခဲ့ပြီး ယခုလထဲတွင် အစ္စလာမ်မာဘက်မြို့တော်၌ ဆန္ဒပြမည့်အစီအစဉ်ကိုပါ ဆန္ဒပြခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၂ ရက်တွင်မူ ပါကစ္စတန်ရဲတပ်ဖွဲ့သည် PTI ပါတီ၏ ရုံးချုပ်ကို ဝင်ရောက် စီးနင်းခဲ့သည်။

စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက ခန်း၏ပါတီကို ပိတ်ပင်မည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ရဲတပ်ဖွဲ့၏ စီးနင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။                                              

Ref:AFP

Most Read

Most Recent