လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏ တပ်မှူးတစ်ဦး သေဆုံး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏ တပ်မှူးတစ်ဦး သေဆုံး
သြဂုတ် ၉ ရက်က လက်ဘနွန်နိုင်ငံ ဆိုက်ဒွန်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် ကားတစ်စီးကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၉ ရက်က လက်ဘနွန်နိုင်ငံ ဆိုက်ဒွန်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် ကားတစ်စီးကို တွေ့ရစဉ်(Photo: AFP)
Published 10 August 2024

လက်ဘနွန်နိုင်ငံတောင်ပိုင်း ဆိုက်ဒွန်မြို့တောင်ပိုင်းတွင် အစ္စရေးက မော်တော်ကားတစ်စီးကို သြဂုတ် ၉ ရက်က တိုက်ခိုက်ခဲ့သဖြင့် ဟားမာ့စ်အဖွဲ့တပ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် ဂါဇာတွင် စစ်ပွဲစတင်ခဲ့ပြီးကတည်းက ဆိုက်ဒွန်မြို့တွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဟားမာ့စ်၏ မဟာမိတ်ဖြစ်သည့် လက်ဘနွန်၏ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနယ်စပ်တွင် တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ဆိုက်ဒွန်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် တပ်မှူးဆမ်မာအယ်ဟာ့ဂျ် သေဆုံးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ သီးခြားအစီရင်ခံစာတွင် ဟားမာ့စ်၏စစ်တပ်ဖြစ်သည့် Ezzedine al-Qassam တပ်မဟာသည် ဟာ့ရှ်အား စစ်မြေပြင်တပ်မှူးတစ်ဦးအဖြစ် ခေါ်ဆိုခဲ့ပြီး ၎င်းသည် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုသည် ဆိုက်ဒွန်မြို့ရှိ အာအင်အယ် ဟယ်လ်ဝါစခန်းမှ ဟား မာ့စ်အဖွဲ့လုံခြုံရေးအရာရှိဖြစ်သည့် ဟာ့ဂျ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဟာ့ဂျ်သည် ၎င်း၏ ကားအတွင်းရှိနေသည်ဟု လက်ဘနွန်လုံခြုံရေးသတင်း အရင်းအမြစ်တစ်ခုက ဖော်ပြခဲ့သည်။

အာအယ် အယ်ဟယ်လ်ဝါစခန်းနှင့် အခြားဒုက္ခသည်စခန်းများကို ၁၉၄၈ ခုနှစ် စစ်ပွဲကာလအတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် ပါလက်စတိုင်းများအတွက် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်ကမူ ၎င်းတို့ လေယာဉ်များသည် ဆိုက်ဒွန်ဒေသကို တိုက်ခိုက်ခဲ့ပြီးလက်ဘနွန်ရှိ ဟားမာ့စ်အဖွဲ့၏ ထိပ်သီးတပ်မှူးတစ်ဦးဖြစ်သည့် ဟာ့ဂျ်ကို နှိမ်နင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဟာ့ဂျ်သည် အစ္စရေးနိုင်ငံကို ဦးတည်ပြီး လက်ဘနွန်နိုင်ငံအတွင်းမှအကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်ရာတွင် တာဝန်ရှိသူဖြစ်ကြောင်းနှင့် သူသည် အာအင်အယ်ဟယ်လ်ဝါစခန်းတွင် တပ်သားသစ်များစုဆောင်းခြင်း၊ သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်နေသူဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်တွင် ဟားမာ့စ်အဖွဲ့တပ်မှူးကိုမတိုက်ခိုက်မီတစ်ရက်အလိုဖြစ်သည့် သြဂုတ် ၈ ရက်တွင်မူ အစ္စရေးသည်ကြားဝင်စေ့စပ်ပေးသော အမေရိကန်၊ ကာတာ၊ အီဂျစ်တို့၏တောင်းဆိုမှုကြောင့် ဂါဇာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကို သြဂုတ် ၁၅ ရက်တွင် ပြန်လည်စတင်မည်ဟု အစ္စရေး ဝန်ကြီးချုပ်ရုံးကထုတ်ပြန်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

နိုဝင်ဘာလထဲတွင် တစ်ပတ်ကြာ အပစ်ရပ်စဲခဲ့ပြီးနောက် ကာတာနှင့်အီဂျစ်တို့ ဂါဇာစစ်ပွဲ ဒုတိယအကြိမ်အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

သြဂုတ် ၈ ရက် ပူးတွဲထုတ်ပြန်ချက်တွင်  သုံးနိုင်ငံခေါင်းဆောင်များကသြဂုတ် ၁၅ ရက်တွင် အစ္စရေးနှင့်ဟားမာ့စ်တို့ ဒိုဟာ သို့မဟုတ် ကိုင်ရိုတွင် ဆွေးနွေးမှုများပြန်လည် စတင်ရန်ဖိတ်ကြားလိုက်ပြီး ကျန်ရှိနေသော ကွာဟချက်များကို ပြန်လည်ဆွေးနွေးရန်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိရေးကို အကောင်အထည်ဖော်ရာတွင် နောက်ထပ်နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စတင်ကြရန်ဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent