သတင်းထောက်အား ရိုက်နှက်ခဲ့သည့်အတွက် ထိုင်းဝါရင့်နိုင်ငံရေးသမား ပရာဝစ်ကို ပါလီမန်က စုံစမ်းစစ်ဆေးမည်

သတင်းထောက်အား ရိုက်နှက်ခဲ့သည့်အတွက် ထိုင်းဝါရင့်နိုင်ငံရေးသမား ပရာဝစ်ကို ပါလီမန်က စုံစမ်းစစ်ဆေးမည်
Published 22 August 2024
Ref: AFP

မေးခွန်းများမေးရန် ကြိုးပမ်းခဲ့သည့် သတင်းထောက်တစ်ဦးအား ရိုက်နှက်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ထိုင်းဝါရင့် နိုင်ငံရေးသမားနှင့် စစ်တပ်အကြီးအကဲဟောင်း ပရာဝစ်ဝေါင်ဆူဝမ်အား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းပါလီမန်က အတည်ပြုပြောကြားခဲ့သည်။ 

သြဂုတ် ၁၆ ရက် က ပယ်ထုံထန်ရှင်နာဝပ်အား ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်မှုနှင့် ပတ်သက်၍ Thai PBS ရုပ်သံမှ သတင်းထောက်တစ်ဦးက မေးမြန်းစဉ်အတွင်း ပရာဝစ်က ၎င်းအား အပြင်းအထန် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ 

၇၉ နှစ်အရွယ် ပရာဝစ်က “ဘာတွေမေးနေတာလဲ ၊ ဘာတွေလဲ ၊ ဘာတွေလဲ” ဟုဆိုကာ duang thip yiamphop ဟု အမည်ရသော သတင်းထောက်၏ ဦးခေါင်းတစ်ဝိုက်အား အကြိမ်ကြိမ် ရိုက်နှက်ကာ အဆောက်အအုံထဲမှထွက်ခွာသွားပုံကို ဗီဒီယိုမှတ်တမ်းတစ်ခု၌  မြင်တွေ့ရသည်။ 

ပရာဝစ်သည် ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများက ထိုင်းစစ်တပ်၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိ ဝန်ကြီးချုပ် ပယ်ထုံထန်၏ အဒေါ်ဖြစ်သည့် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ယင်လတ်ရှင်နာဝပ်အား ဖြုတ်ချခဲ့သော ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းမှုကို အဓိက စီစဉ်လုပ်ဆောင်ခဲ့ သူ တစ်ဦးဖြစ်သည်။ 

သူသည် စစ်တပ်ကျော ထောက်နောက်ခံပြု အစိုးရအဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ်အဖြစ် ယမန်နှစ်အထိ တာဝန်ယူခဲ့သည်။

Most Read

Most Recent