ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဟားမာ့စ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဟု ဟစ်ဇ်ဘိုလာအကြီးအကဲ ပြောကြား

ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဟားမာ့စ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဟု ဟစ်ဇ်ဘိုလာအကြီးအကဲ ပြောကြား
ဇူလိုင် ၉ ရက်က လက်ဘနွန်တောင်ပိုင်းတွင် ကင်းလှည့်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၉ ရက်က လက်ဘနွန်တောင်ပိုင်းတွင် ကင်းလှည့်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo: AFP)
Published 11 July 2024

ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး မိမိတို့မဟာမိတ် ဟားမာ့စ်အဖွဲ့၏ဆုံးဖြတ်ချက်ကို ဟစ်ဇ်ဘိုလာအဖွဲ့က လက်ခံသွားမည်ဖြစ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးရရှိခဲ့မည်ဆိုပါက အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေမှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအကြီးအကဲ ဟက်ဆန် နက်ဆရာလာက ဇူလိုင် ၁၀ ရက်တွင်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်အဖွဲ့ကတိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာတွင် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးကတည်းက ဟစ်ဇ်ဘိုလာအဖွဲ့သည် ဟားမာ့စ်အဖွဲ့ကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် အစ္စရေးတပ်ဖွဲ့များကို နေ့စဉ်နီးပါးတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် အင်ပြည့်အား ပြည့်စစ်ပွဲဖြစ်ပွားလာမည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

“ဟားမာ့စ်အဖွဲ့က တော်လှန်ရေးမဟာမိတ်တွေကိုယ်စား ဆွေးနွေးညှိနှိုင်းနေပါတယ်”ဟု နက်ဆရာလာက အစ္စရေးနှင့် အမေရိကန်ကို ဆန့်ကျင်သည့် အီရန်လိုလားသည့် လက်နက်ကိုင်အုပ်စုများ၏ မဟာမိတ်ဖွဲ့မှုကို ရည်ညွှန်းပြောဆိုခဲ့သည်။

“ဟားမာ့စ်အဖွဲ့က လက်ခံတဲ့ဘယ်အရာကိုမဆိုအားလုံးက ကျေကျနပ်နပ်လက်ခံပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ဟားမာ့စ်အဖွဲ့ကို ကျွန်တော်တို့မတိုက်တွန်းပါဘူး။ ဘာလို့လဲဆိုတော့ စစ်ပွဲကို သူတို့က အရင်စတိုက်ခဲ့လို့ဖြစ်ပါတယ်”ဟု နက်ဆရာလာက ပြောကြားခဲ့သည်။

၁၀ လထဲ ဝင်ရောက်လာပြီဖြစ်သည့် ဂါဇာစစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွတ်မြောက်ရေး သဘောတူညီချက်ရရှိစေရန် ကာတာတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်နေချိန်နှင့် ဟားမာ့စ်အဖွဲ့၏ နိုင်ငံခြားရေးဆက်ဆံမှုဆိုင်ရာအကြီးအကဲ ခါလီအယ် ဟေယာဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နက်ဆရာလာတို့ တွေ့ဆုံခဲ့ပြီးနောက် နက်ဆရာလာ၏ မှတ်ချက်များထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဟားမာ့စ်အဖွဲ့ကမူ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ စတင်ရန်အတွက် ခြွင်းချက်အနေဖြင့် အလုံးစုံ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သော်လည်း အစ္စရေးကလည်း ထိုတောင်းဆိုချက်ကို  ထပ်တလဲလဲငြင်းဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသည် မိမိတို့မျှော်လင့်သကဲ့သို့ ရရှိခဲ့မည်ဆိုပါက မိမိတို့ရှေ့တန်းစစ်မြေပြင်တွင် ပစ်ခတ်မှုများကို ရပ်နားသွားမည်ဖြစ်ကြောင်း နက်ဆရာလာက ထပ်မံပြောကြားခဲ့သည်။

“ဒါက သန္နိဌာန်တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ထောက်ပံ့ရေး စစ်မျက်နှာဖြစ်ပြီး ဒါကို ကျွန်တော်တို့ အစပိုင်းကတည်းက ရှင်းရှင်းလင်းလင်းပြေားကြားထားခဲ့ပြီးဖြစ်ပါတယ်”ဟု နက်ဆရာလာက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့မည်ဆိုသည့်တိုင် လက်ဘနွန်ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခွင့်ကို အစ္စရေးအားမည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း နက်ဆရာလာက ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်ကမူ ဂါဇာတွင်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့မည်ဆိုသည့်တိုင် ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်မှုတွင် လိုချင်သည့် ရလဒ် ရရှိသည့်အချိန်အထိ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။                       Ref: AFP

Most Read

Most Recent