သြစတြီးယား-တူရကီပွဲ၌ နှစ်ဖက်ပရိသတ်များ ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ပြီး သြစတြီးယားအသင်းခေါင်းဆောင် ဆာဘစ်ဇာကို ထိမှန်ခဲ့

သြစတြီးယား-တူရကီပွဲ၌ နှစ်ဖက်ပရိသတ်များ ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ပြီး သြစတြီးယားအသင်းခေါင်းဆောင် ဆာဘစ်ဇာကို ထိမှန်ခဲ့
Photo : Getty Images
Photo : Getty Images
Published 4 July 2024

ယူရို ၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့် နောက်ဆုံးပွဲစဉ်ဖြစ်သည့် သြစတြီးယား-တူရကီပွဲတွင် နှစ်ဖက်အသင်းပရိသတ်များသည် ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြပြီး သြစတြီးယားအသင်းခေါင်းဆောင် ဆာဘစ်ဇာမှာ တူရကီပရိသတ်များ ပစ်ပေါက်ခဲ့သည့်အရာဝတ္ထုထိမှန်ပြီး ကွင်းအတွင်း လဲကျခဲ့ကြောင်း သိရသည်။

ဇူလိုင် (၂)ရက်က ကစားခဲ့သည့် ယူရို ၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တွင် တူရကီအသင်းသည် သြစတြီးယားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲစဉ်တွင် သြစတြီးယားနှင့် တူရကီပရိသတ်များသည် ကွင်းအတွင်း ပလတ်စတစ်ဘီယာခွက်များ၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရှိရသည်။ အထူးသဖြင့် သြစတြီးယားနှင့် တူရကီကစားသမားများ ထောင့်ကန်ဘော ကန်ချိန်များတွင် နှစ်ဖက်အသင်းပရိသတ်များသည် ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။

တူရကီအသင်းက (၂-ဝ) ဂိုးဖြင့် ဦးဆောင်နေချိန်၌ သြစတြီးယားအသင်းခေါင်းဆောင် ဆာဘစ်ဇာသည် ထောင့်ကန်ဘောကန်ရန် ပြင်ဆင်နေချိန်တွင် တူရကီပရိသတ်များက ပလတ်စတစ်ခွက်များ၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တူရကီပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့သည့် အရာဝတ္ထုတစ်ခုမှာ သြစတြီးယားအသင်းခေါင်းဆောင် ဆာဘစ်ဇာ၏နဖူးကို ထိမှန်ခဲ့သည်။ ဆာဘစ်ဇာသည် နာကျင်လွန်းသဖြင့် ၎င်းင်း၏နဖူးကို လက်နှစ်ဖက်ဖြင့် ဖိကိုင်ကာ ကွင်းအတွင်း လူးလိမ့်နေခဲ့သည်။ ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်များသည် ထောင့်ကန်ဘောကန်သည့် နေရာနားတွင် လူးလိမ့်နေသည့် ဆာဘစ်ဇာကို အနားသို့ရောက်လာကာ အခြေအနေကိုကြည့်ခဲ့ ကြပြီး ဆာဘစ်ဇာက ၎င်းအား ပစ်ပေါက်ခဲ့သည့် အရာဝတ္ထုကို ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်တို့အား ပြသခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

သြစတြီးယား (၂-၁) တူရကီတွင် ပလတ်စတစ်ခွက်များ၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခံရသူမှာ သြစတြီးယား အသင်းခေါင်းဆောင် ဆာဘစ်ဇာတစ်ဦးတည်း မဟုတ်ဘဲ နှစ်သင်းစလုံးမှ အခြားကစားသမားမှာလည်း ပစ်မှတ်ထားခံခဲ့ရကြောင်း သိရှိရသည်။ အဆိုပါပွဲစဉ်၏ ဒုတိယပိုင်းတွင် တူရကီလူငယ်ကြယ်ပွင့် အာဒါဂူလာမှာလည်း ထောင့်ကန်ဘောကန်ချိန်တွင် သြစတြီးယားပရိသတ်များ၏ ပလတ်စတစ်ခွက်များဖြင့် ပစ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။ ယူရို ၂၀၂၄ ပြိုင်ပွဲကာလအတွင်း ပရိသတ်များသည် ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများ ရှိနေပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဒဏ်ရိုက် အရေးယူမှုများ ရှိခဲ့သည်။ ယူရိုပြိုင်ပွဲဝင်အသင်းများမှာ ပရိသတ်များကွင်းအတွင်း ဝင်ရောက်မှု၊ ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုများကြောင့် အရေးယူခံရမှုများ ရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent