NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုဟ်မည်

NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုဟ်မည်
Published 1 June 2024

ဇွန် ၁ ရက်တွင် ကွယ်လွန်ခဲ့သည့် NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရင်း ကွယ်လွန်ခဲ့သည့် သူရဦးတင်ဦး၏ ရုပ်အလောင်းကို ဗဟန်းမြို့ ဗောဓိရိပ်သာလမ်းနေအိမ်တွင် ထားရှိပြီး ဇွန် ၅ ရက်တွင် ဂူသွင်းသဂြိုလ်မည်ဖြစ်‌ကြောင်း၊ အသုဘအခမ်းအနားပြုလုပ်မည့်အချိန်ကို ထပ်မံပြောကြားမည် ဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးအား မေ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်ပြည်သူ့‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မေ ၃၀ ရက်တွင် အထူးကြပ်မတ်ကုသဆောင်သို့ ‌ပြောင်းရွှေ့ကာ ကုသမှုခံယူနေခြင်းဖြစ်သည်။

မေ ၃၁ ရက်တွင် သူရဦးတင်ဦး၏ ကျန်းမာရေးအ‌ခြေအနေမှာ တိုးတက်လာခဲ့သော်လည်း ဆရာဝန်များက အနီးကပ်စောင့်ကြည့် နေခြင်းဖြစ်သည်။

သို့သော် ဇွန် ၁ ရက်နံနက်တွင်မူ သူရဦးတင်ဦး၏ ကျန်းမာရေးမှာ ဆိုးရွားလာခဲ့ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သူရဦးတင်ဦးမှာ ၂၀၁၇ ခုနှစ်တွင် ရန်ကင်းနေအိမ်ရှိ ရေချိုးခန်း တွင် ချော်လဲခဲ့ပြီး အသက်အရွယ်ကြီးရင့် လာမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူနေရသည်။

မေ ၃၀ ရက် ညပိုင်းတွင် ကုသမှုခံယူနေသည့် ဦးတင်ဦးမှာ ကွယ်လွန်သွားသည်ဟု လူမှုကွန်ရက်စာမျက်နှာ အချို့တွင် ပျံ့နှံ့ခဲ့ သည်။

ကွယ်လွန်ချိန်တွင် အသက် ၉၈ နှစ်ရှိပြီဖြစ်သည့် သူရဦးတင်ဦးမှာ ၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး NLD ပါတီကိုတည်ထောင်ခဲ့ သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

သူရ ဦးတင်ဦးကို ၁၉၂၇ ခုနှစ် မတ် ၁၂ရက်တွင် ဧရာဝတီတိုင်း ‌ဒေသကြီး ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။

 NLD ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ   ၁၉၈၉ ခုနှစ်ဒီဇင်ဘာ ၂၂ ရက်ထိ  ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပါတီ၏ နာယကကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

Most Read

Most Recent