လောင်းလုံး မြို့နယ်အတွင်း ကျောင်းကားတစ်စီး ပစ်ခတ်ခံရပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရရှိ

လောင်းလုံး မြို့နယ်အတွင်း ကျောင်းကားတစ်စီး ပစ်ခတ်ခံရပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရရှိ
Published 5 June 2024

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ်အတွင်း ဇွန် ၄ ရက် က ကျောင်းကားတစ်စီး ပစ်ခတ်ခံရပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၄ ရက် နံနက် ၇ နာရီခန့်က ထားဝယ်မြို့ရှိ အထက (၁) ကျောင်းတွင် ကျောင်းတက်ရန် ကျောင်းသားကျောင်းသူ ခုနစ်ဦးနှင့်အတူ ယာဉ်မောင်းတစ်ဦး မောင်းနှင်လာသော ကျောင်းကားတစ်စီးမှာ လောင်းလုံး - ထားဝယ်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် လောင်းလုံးမြို့နယ် ပဥ္စသိမော်ကျေးရွာအနီး တွင် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကိုခံခဲ့ရကြောင်း ဒေသခံတစ် ဦးက ပြောကြားသည်။

“လက်နက်ကိုင် တွေက ကျောင်းကားကို တားဆီးတာကို ယာဉ်မောင်းက မသိလိုက်လို့ မရပ်ပေးလို့ဆိုပြီး သေနတ်နဲ့ပစ်ခတ်လိုက်တာလို့ သိရတယ်။ အဲဒီလို ပစ်ခတ်လိုက်တဲ့အတွက် ကျောင်းကား နောက်ခန်းမှာ လိုက်ပါလာတဲ့ အထက (၁) (ထားဝယ်) က  Grade -7 ကျောင်းသား အသက် ၁၄ နှစ်အရွယ် မောင်သက်ပိုင်မျိုးရဲ့ ဘယ်ဘက်တင်ပါးမှာ ကျည်ဖောက်ဝင်ဒဏ် ရာရရှိခဲ့ပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ Grade 7 ကျောင်းသား မောင်သက်ပိုင်မျိုးအား ဒေသခံများက သုံးဘီးယာဉ်ဖြင့် ထားဝယ်မြို့ရှိ ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း အဆိုပါဒေသခံက ပြောကြားသည်။

ထို့ပြင် ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် ရှိ မူလတန်းလွန်ကျောင်းအတွင်း ဇွန် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ထိုဗုံးပေါက်ကွဲမှုမှာ ကျောင်းသားကျောင်းသူများမှ ကျောင်းသန့်ရှင်းရေးဆောင်ရွက်စဉ် ၄၀ - မမ ဗုံးသီးအား တွေ့ရှိပြီး ဆရာမထံ ယူဆောင်လာစဉ် လက်မှ လွတ်ကျပေါက်ကွဲခဲ့သောကြောင့်  ကျောင်းသား တစ်ဦး သေဆုံးခဲ့ရပြီး ကျောင်းသား ကျောင်းသူ ၂၂ ဦးနှင့် ကျောင်းသားမိဘ တစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက သတင်း ထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြသူ ကျောင်းသားကျောင်းသူများအား ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုပေးထားကြောင်း သိရသည်။