မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်သွင်းရောင်းချမှု နှစ်နှစ်အတွင်း နှစ်ဆကျော်တိုးလာသည်ဟု Global Witness အဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်သွင်းရောင်းချမှု နှစ်နှစ်အတွင်း နှစ်ဆကျော်တိုးလာသည်ဟု Global Witness အဖွဲ့ ထုတ်ပြန်
Published 24 May 2024

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်သွင်းရောင်းချမှု နှစ်နှစ်အတွင်း နှစ်ဆကျော်တိုးလာသည်ဟု Global Witness အဖွဲ့က ထုတ်ပြန်သည်။

သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုုဖြစ်သည့် Global Witness အဖွဲ့က ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည့် မြေရှားသတ္တုမှာ တန်ချိန် ၁၉၅၀၀ ရှိရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄၂၇၀၀ အထိ မြင့်တက်လာခဲ့သည်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ မြေရှားသတ္တုများ တင်သွင်းခဲ့သည့် ခုနစ်နှစ်ကျော်ကာလအတွင်း ၂၀၂၃ ခုနှစ်တွင် တင်သွင်းခဲ့သည့်အရေအတွက်မှာ အများဆုံးလည်းဖြစ်သည်။

မြေရှားသတ္တုများ တရားမဝင်တင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး တည်ငြိမ်မှုမရှိသည့် ဒေသအတွက် ပဋိပက္ခနှင့် ဘဏ္ဍာငွေဆိုင်ရာ ဆုံးရှုံးနစ်နာမှုများကို အန္တရာယ်ဖြစ်စေသည်ဟု Global Witness အဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် မြေရှားသတ္တုရှာဖွေသည့် နေရာများလည်း တိုးလာခဲ့ပြီး ကချင်ပြည်နယ် အထူးဒေသ ၁ တွင် သတ္တုတူးဖော်သည့် နေရာအရေအတွက် ၄၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် မိုင်းလုပ်သားများနှင့် ဒေသခံရပ်ရွာလူထုများအတွင်း ကျန်းမာရေးထိခိုက်မှုများရှိနေပြီး သေဆုံးမှုနှစ်ခုရှိကြောင်း၊ ရေနမူနာကောက်ယူသည့် အချက်အလက်များအရ ကချင်ပြည်နယ် အထူးဒေသ ၁ ရှိ ချောင်းများသည် အက်စစ်ဓာတ်လွန်ကဲပြီး အာဆင်းနစ်ပါဝင်မှု မြင့်မားကြောင်း Global Witness အဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံမှာ ကမ္ဘာတစ်ဝန်းတွင် မြေရှားသတ္တုအများဆုံးရရှိသည့် အရင်းအမြစ်တစ်ခုဖြစ်နေပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကူးအပြောင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြေရှားသတ္တုမှာ လက်ရှိတွင် ဝယ်လိုအား ရှိနေသည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိလာသည့် မြေရှားသတ္တုမှာ လျှပ်စစ်ကားများနှင့် လေတာဘိုင်များတွင် အသုံးပြုသည့် အမြဲတမ်းသံလိုက်ထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းဖြစ်ပြီး အမေရိကန်၊ ဥရောပနှင့် အာရှရှိ လျှပ်စစ်ကားများတွင် အသုံးပြုလျက်ရှိသည်။

Most Read

Most Recent