၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ပီလီတင်ထားခဲ့သည့် အသက်အငယ်ဆုံးကစားသမား စံချိန်ကို ယမားလ် ချိုးဖျက်ခဲ့ပြီး (၁၇)နှစ်၊ (၁)ရက်ဖြင့် စံချိန်သစ်တင်

၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ပီလီတင်ထားခဲ့သည့် အသက်အငယ်ဆုံးကစားသမား စံချိန်ကို ယမားလ် ချိုးဖျက်ခဲ့ပြီး (၁၇)နှစ်၊ (၁)ရက်ဖြင့် စံချိန်သစ်တင်
Photo : AFP
Photo : AFP
Published 15 July 2024

စပိန်လက်ရွေးစင်တောင်ပံကစားသမား ယမားလ်သည် ဘရာဇီးလ်ဂန္ထဝင်ကစားသမား ပီလီ ၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ တင်ထားခဲ့သည့် အသက်အငယ်ဆုံးကစားသမားစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယမားလ်သည် အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယူရို-၂၀၂၄ ဗိုလ်လုပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် ယင်းကဲ့သို့ စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပီလီသည် ၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲယှဉ်ပြိုင်ကစားစဉ်က အသက် (၁၇)နှစ် (၂၄၉)ရက်သာ ရှိသေးသည့်အတွက် ကမ္ဘာ့ဖလား သို့မဟုတ် ယူရိုပြိုင်ပွဲ၏ ဗိုလ်လုပွဲအဆင့်တွင် ပါဝင်ကစားခွင့်ရသည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစံချိန်မှတ်တမ်းမှာ (၆၆)နှစ်ကြာမြင့်ခဲ့သည်။ ယခုအခါ စပိန်တောင်ပံကစားသမား ယမားလ်က အင်္ဂလန်နှင့်ပွဲ ယှဉ်ပြိုင်ကစားချိန်တွင် အသက်(၁၇)နှစ်၊ (၁)ရက်ဖြင့် ပီလီ၏စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပီလီသည် ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ စံချိန်သစ်နှင့်အတူ ချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ ယမားလ်မှာလည်း ယူရို-၂၀၂၄ ပြိုင်ပွဲ၌ စံချိန်သစ်နှင့် အတူ ချန်ပီယံဆု ရယူနိုင်ခဲ့သည်။ ယမားလ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ယခုစံချိန်မတိုင်မီ အခြားစံချိန်များလည်း ပိုင်ဆိုင်ခဲ့သည်။ ယူရိုပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမား၊ အသက်အငယ်ဆုံး ဂိုးဖန်တီးသူ၊ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဟူသည့် စံချိန်များလည်း ရရှိခဲ့ခြင်းဖြစ်သည်။

ယမားလ်သည် အသက်(၁၅)နှစ်အရွယ်မှာပင် ဘာစီလိုနာအသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲစုံ ပွဲ(၅၀)အထိ ကစားခွင့်ရခဲ့သည်။ ထို့ပြင် (၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၀)ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ ယမားလ်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် စပိန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခြင်းခံခဲ့ရပြီး စပိန်လက်ရွေးစင်အသင်း၏ အသက်အငယ်ဆုံးကစားသမား၊ အသက်အငယ်ဆုံး ဂိုးသွင်းသူဟူသည့် စံချိန်များလည်း ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ယမားလ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ကိုယ်တိုင်(၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်ပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲ၏ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့သည်။ ယမားလ်၏ ခြေစွမ်းပြနိုင်မှုအပေါ် စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက "ကျွန်တော်တို့ ပါရမီရှင်တစ်ယောက်နဲ့ ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းအစတွေကို မြင်တွေ့ခဲ့ရတာပါ" ဟု ချီးကျူးပြောကြားခဲ့သည်။ ယမားလ်သည် စနေနေ့တွင် အသက်(၁၇)နှစ်ပြည့်မြောက်ခဲ့ပြီး မွေးနေ့မတိုင်မီကတည်းက ယူရိုချန်ပီယံဆုကို မွေးနေ့လက်ဆောင်အဖြစ် ရယူသွားလိုကြောင်းလည်း ဖွင့်ဟပြောကြားခဲ့သည်။

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် စပိန်အသင်းအတွက် အသက်(၁၇)နှစ်သာရှိသေးသည့် ယမားလ် ပွဲထွက်ကစားခဲ့သလို၊ အင်္ဂလန်အသင်းအတွက် အသက်(၁၉)နှစ်သာရှိသေးသည့် မိန်နူး ပွဲထွက်ကစားခဲ့သည့်အတွက် ဆယ်ကျော်သက်ကစားသမားနှစ်ဦး အသင်းနှစ်သင်းတွင် တစ်ပြိုင်နက်ပွဲထွက်ကစားသည့် ပထမဆုံးယူရိုပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးမှာလည်း ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent