ဟောင်ကောင်အိုးပင်းပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယအဆင့်မှထွက်ခဲ့ရပြီး တရုတ်အိုးပင်းနှင့် မကာအိုအိုးပင်းပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်

ဟောင်ကောင်အိုးပင်းပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယအဆင့်မှထွက်ခဲ့ရပြီး တရုတ်အိုးပင်းနှင့် မကာအိုအိုးပင်းပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်
Photo: BWF
Photo: BWF
Published 14 September 2024

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် စက်တင်ဘာ ၁၀ ရက် မှ ၁၅ ရက်အထိကျင်းပသည့် ဟောင်ကောင်အိုးပင်းကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယအဆင့်မှထွက်ခဲ့ရပြီး ယခုလအတွင်းကျင်းပမည့် BWF ပြိုင်ပွဲနှစ်ခုတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ယခုလအတွင်း ဒုတိယမြောက် BWF ပြိုင်ပွဲအဖြစ် ဟောင်ကောင်အိုးပင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရပြီး လက်ရည်စစ်ပွဲအောင်မြင်လာသည့် အိမ် ရှင်ဟောင်ကောင်ကြက်တောင်အားကစားမယ် လိုင်ကာဝင်နှင့်တွေ့ဆုံရာ နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၈ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၁-၁၄ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ဒုတိယအဆင့်တွင်မူ ဂျပန်နိုင်ငံသူ မီယာဇာကီနှင့်တွေ့ဆုံရာ (၂-၁) ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၃ မှတ်ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲငယ်တွင် ၂၁-၁၂ မှတ်၊ တတိယပွဲငယ်တွင် ၂၁-၁၂ မှတ်ဖြင့် ပြန်လည်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် ဟောင်ကောင်အိုးပင်းပြိုင်ပွဲမတိုင်မီ တရုတ်တိုင်ပေ၌ကျင်းပသည့် တိုင်ပေအိုးပင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် ပထမအဆင့်တွင် မလေးရှားနိုင်ငံသူ ကိုဆီနာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုလအတွင်း BWF ပြိုင်ပွဲ နှစ်ခု ထပ်မံယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်နိုင်ငံ၌ကျင်းပမည့် တရုတ်အိုးပင်းပြိုင်ပွဲ၊ စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ မကာအိုနိုင်ငံ၌ကျင်းပမည့် မကာအိုအိုးပင်းပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် တရုတ်အိုးပင်းပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံသူ ငုယင်သွေလင်နှင့် တွေ့ဆုံနေသည်။

သက်ထားသူဇာသည် ဇူလိုင်လကုန်ပိုင်း နှင့် သြဂုတ်လဆန်းပိုင်းတွင် ကျင်းပသည့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီးနောက် တစ်လဝန်းကျင် ပြိုင်ပွဲယှဉ်ပြိုင်မှုရပ်နားကာ စက်တင်ဘာ ဒုတိယပတ်မှစ၍ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်နေ ခြင်းဖြစ်သည်။ 

Most Read

Most Recent