နိုက်ဂျာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာကြောင်း ကုလသမဂ္ဂ ပြောကြား

နိုက်ဂျာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာကြောင်း ကုလသမဂ္ဂ ပြောကြား
နိုက်ဂျာတွင် ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့်နေရာဒေသတစ်ခု၌ လှေများဖြင့် သွားလာနေသည့် ဒေသခံများကို တွေ့ရစဉ်(Photo: AFP)
နိုက်ဂျာတွင် ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့်နေရာဒေသတစ်ခု၌ လှေများဖြင့် သွားလာနေသည့် ဒေသခံများကို တွေ့ရစဉ်(Photo: AFP)
Published 18 July 2024

နိုက်ဂျာနိုင်ငံတွင် ဇွန်လကတည်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ကာ လူပေါင်း ၅၃ ဦး သေဆုံးခဲ့ပြီး လူ ၁၈၀၀၀ ကို ရေဘေးသင့်စေခဲ့သည်ဟု ကုလသမဂ္ဂ အေဂျင်စီတစ်ခုက ဇူလိုင် ၁၇ ရက်တွင် ကြေညာခဲ့သည်။

အနောက်အာဖရိကနိုင်ငံဖြစ်သည့် နိုက်ဂျာသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် ရင်ဆိုင်နေရချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၂၁ ဦးရှိခဲ့ပြီး လူပေါင်း ၆၀၀၀ နီးပါး ရေဘေးသင့်ခဲ့သည်ဟု ဇွန် ၂၀ ရက်က ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့သော် ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်များတွင် သေဆုံးသူ ၅၃ ဦးရှိပြီး လူပေါင်း ၁၈၀၉၈ ဦး ခန့်ရှိသည့် အိမ်ထောင်စု ၂၅၀၁ ခန့်သည် ရေဘေးသင့်ခဲ့ကြောင်း ကုလသမဂ္ဂ၏ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး(OCHA)က ထုတ်ပြန်ခဲ့သည်။

ရေလွှမ်းမိုးမှုများကြောင့် နေအိမ် ၁၆၃၆ လုံး၊ စာသင်ခန်း ၂၉ ခန်း ပျက်စီးသွားခဲ့ပြီး  မွေးမြူရေးတိရစ္ဆာန် ၁၀၉၃၀ ကောင် သေဆုံးခဲ့သည်ဟု နိုက်ဂျာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးယူဆောင်ရွက်ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုနှစ် မိုးရာသီမကုန်မီ ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၂၄၇၀၀၀ ကျော်သည် ရေဘေးသင့်နိုင်ခြေရှိကြောင်း OCHA က သတိပေးခဲ့သည်။ နိုက်ဂျာတွင် ပုံမှန်အားဖြင့် စက်တင်ဘာလကုန်တွင်မိုးရာသီကုန်ဆုံးလေ့ရှိသည်။

ကုလသမဂ္ဂ ကလေးသူများဆိုင်ရာ အေဂျင်စီ(UNICEF) ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR)၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့(IOM)နှင့် ကြက်ခြေနီအဖွဲ့တို့ကအစား အစာများ၊ အရေးပေါ် ခိုလှုံရေးစခန်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများကို ရေဘေးဒဏ်အဆိုးရွားဆုံးခံခဲ့ရသည့် နေရာဒေသများသို့ ပို့ဆောင်ပေးနေခြင်းဖြင့် နိုက်ဂျာအစိုးရကို ကူညီထောက်ပံ့ပေးနေကြောင်း OCHA က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ပြောင်လဲမှုကြောင့် နိုက်ဂျာတွင် ရေလွှမ်းမိုးမှုများသည် ပိုမိုဆိုးရွားလာပြီး မကြာခဏ ဖြစ်ပွားနေကြောင်း OCHA က ပြောကြားခဲ့သည်။

နိုက်၈ျာအာဏာပိုင်များ၏ ပြောကြားချက်အရ နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်း ဖြစ်သည့် မာရာဒီဒေသတွင် ရေလွှမ်းမိုးမှု အဆိုးရွားဆုံးခံခဲ့ရမှုနှင့်အတူ နိုင်ငံအတွင်းရှိ ဒေသအားလုံးနီးပါးတွင် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

သို့သော် မကြာခဏဆိုသလို ဆိုးရွားသည့် ရေလွှမ်းမိုးမှုနှင့် ရင်ဆိုင်ရလေ့ရှိသည့် နိုက်ဂျာ၏မြို့တော် နီယာမေနှင့် မြို့ခံနှစ်သန်းခန့်သည် ယခုအကြိမ် ရေလွှမ်းမိုးမှုဘေးမှ လွတ်ကင်းခဲ့သည်။

နိုင်ငံလူဦးရေအပေါ် ရေဘေးသင့်စေမည့် သက်ရောက်မှုများကို လျှော့ချရန်အတွက် အာဏာပိုင်များက ပြည်သူများကို အမိုးအကာရှိသည့် နေရာများတွင် နေထိုင်ကြရန်၊ အစားအစာများကို ဘေးကင်းလုံခြုံစွာ သိမ်းဆည်းရန်နှင့် အရေးပေါ်ဖုန်းလိုင်းများကို ဖုန်းဆက်သွယ်ခေါ်ဆိုကြရန် မက်ဆေ့ခ်များ ပေးပို့ထားသည်။

ဇွန်လမှ စက်တင်ဘာအထိရှိသည့် နိုက်ဂျာ၏ မိုးရာသီကာလတွင် နိုင်ငံအတွင်းရှိ ခြောက်သွေ့သည့် နေရာဒေသများ၌ပင် ရေလွှမ်းမိုးမှုများဖြစ်ပွားလေ့ရှိပြီး လူသေဆုံးမှုများ ရှိခဲ့သည်။

နိုက်ဂျာတွင် ၂၀၂၂ ခုနှစ်က ရေလွှမ်းမိုးမှုများကြောင့် လူ ၁၉၅ ဦးသေဆုံးခဲ့ကာ လူပေါင်း ၄၀၀၀၀၀ ခန့် ရေဘေးသင့်ခဲ့ကာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။

Ref: AFP

Most Read

Most Recent