အမေရိကန်သည် တောင်တရုတ်ပင်လယ်တွင် အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်ဟု တရုတ် ပြောကြား

အမေရိကန်သည် တောင်တရုတ်ပင်လယ်တွင် အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်ဟု တရုတ် ပြောကြား
မတ်လ ၅ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas  သောင်ခုံအနီးတွင် တရုတ်ရေကြောင်းလုံခြုံရေးတပ်ဖွဲ့ သင်္ဘောများကို တွေ့ရစဉ်(Photo:Reuters)
မတ်လ ၅ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas  သောင်ခုံအနီးတွင် တရုတ်ရေကြောင်းလုံခြုံရေးတပ်ဖွဲ့ သင်္ဘောများကို တွေ့ရစဉ်(Photo:Reuters)
Published 10 June 2024

အမေရိကန်သည် တောင်တရုတ်ပင်လယ်ဒေသတွင် အကြီးမားဆုံးသော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုကို ဖြစ်စေပြီး ၎င်းဒေသတွင် အမေရိကန်၏ စစ်ရေးဖြန့်ကြက်မှုသည် လက်နက်အပြိုင်အဆိုင် တပ်ဆင်သည့် ရှုပ်ထွေးသော အခြေအနေတစ်ရပ်ကို ဖန်တီးနေခြင်းဖြစ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆွန်းဝေတုံက ပြောကြားခဲ့သည်။

မကြာသေးမီက တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အမေရိကန်၏ မဟာမိတ် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများ မကြာခဏ ဖြစ်ပွားခဲ့ခြင်းကြောင့် မဟာဗျူဟာအရ အလွန်အရေးပါသည့် တောင်တရုတ်ပင်လယ်သည် မဟာအင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ ပေါက်ကွဲလုနီးပါး ဖြစ်နိုင်သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။ ဖိလစ်ပိုင်နှင့် အမေရိကန်သည် အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားသည်။

“လက်ရှိမှာ တောင်တရုတ်ပင်လယ်ရဲ့ အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုဟာ ဒီဒေသရဲ့ပြင်ပကနေ ရောက်လာတာပဲဖြစ်တယ်”ဟု လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးအပြီးတွင် ဆွန်းက ပြောကြားခဲ့သည်။

အမေရိကန် ဦးဆောင်သည့် အင်အားစုများက တောင်တရုတ်ပင်လယ်တွင် တပ်ဖြန့်မှုများနှင့် စစ်ရေးလှုပ်ရှား မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းသည် ပင်လယ်ရေကြောင်း အငြင်းပွားမှုများနှင့် ပဋိပက္ခများကို အရှိန်မြင့် တက်စေပြီး ယင်းဒေသရှိ ကမ်းရိုးတန်းနိုင်ငံများ၏ တရားဝင်ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ထိခိုက်စေ သည်ဟု တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ယင်းဒေသတွင် အမေရိကန်က တာလတ်ပစ် ဒုံးကျည်စနစ်များ ဖြန့်ကြက်မည့် အစီအစဉ်သည် ယင်းဒေသကို လက်နက်အပြိုင်အဆိုင် တပ်ဆင်သည့် ရှုပ်ထွေးသော အခြေအနေထဲသို့ ဆွဲသွင်းနေခြင်းဖြစ်ပြီး အာရှ -ပစိဖိတ်ဒေသတစ်ခုလုံးကို ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ၏ လောင်းရိပ်အောက်သို့  တွန်းပို့နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံများနှင့် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ကာ အငြင်းပွားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်စီမံရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်နှင့် တရုတ်အကြား တင်းမာမှု အရှိန်မြင့်တက် လျက်ရှိစဉ် ဖိလစ်ပိုင်အနေဖြင့် မိမိတို့၏ ပိုင်နက်နယ်မြေကို ပြတ်ပြတ်သားသား ကာကွယ်မည်ဟု သမ္မတဖာဒီနန် မားကို့စ်က မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီ လများအတွင်း တောင်တရုတ်ပင်လယ်ရှိ Second Thomas နှင့် Scarborough သောင်ခုံအနီးတွင် တရုတ်ရေကြောင်းလုံခြုံရေးတပ်ဖွဲ့နှင့် ဖိလစ်ပိုင် ကင်းလှည့်သင်္ဘောများ၊ ထောက်ပို့သင်္ဘောများ ငါးကြိမ်ထက်မနည်း ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကာ ဖိလစ်ပိုင်သင်္ဘောများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ သုံးထရီလျံကျော်ရှိသည်။

ပိုင်နက်အငြင်းပွား ရေပိုင်နက်များတွင် တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား မကြာခဏ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်သည် နယ်နိမိတ်ကျူးကျော်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲထားကာ ဖိလစ်ပိုင်နှင့် ၎င်း၏ မဟာမိတ်များကလည်း တရုတ်၏ရန်စသော လုပ်ရပ်များကို ရှုတ်ချခဲ့သည်။

Ref:Reuters

Most Read

Most Recent