■  လားရှိုးမြို့အခြေအနေအား ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

■  လားရှိုးမြို့အခြေအနေအား ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း
Published 3 July 2024

 

လားရှိုးမြို့အနီးဝန်းကျင်များတွင် ဇူလိုင် ၃ ရက် နံနက် ၄ နာရီခန့်မှ စတင်ကာ လက်နက်ကြီး ပစ်ခတ်သံများ စတင်ကြားခဲ့ရသည်။

 

ယင်းနောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများကို ဆက်တိုက်ကြားခဲ့ရပြီးနောက် လားရှိုးမြို့တွင်းနေထိုင်သူများမှာ အခြေအနေများကို စောင့်ကြည့်ကာနေထိုင်နေရသည်ဟု ဒေသခံများက ပြောကြားသည်။

 

လားရှိုးမြို့၏ အခြေအနေများနှင့်ပတ်သက်ပြီး ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခန့်က ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။

 

 မေး။    ။ လက်ရှိလားရှိုးမြို့ရဲ့အခြေအနေလေးကို ပြောပေးပါ။

 

ဖြေ။    ။ အခုတော့ ပစ်သံခတ်သံတွေ ပြန်ငြိမ်သွားတယ်။ ပြီးခဲ့တဲ့ ၁၀ မိနစ်လောက်ကတော့ မြို့ထဲတစ်နေရာမှာတော့ ပေါက်ကွဲတဲ့အသံတစ်ချက်ကြားပြီး မီးခိုးလုံးတက်လာတာကို တွေ့လိုက်တယ်။ အခုကတော့ ပစ်တာခတ်တာ နည်းနည်းငြိမ်နေတယ်။ မနက်ကတော့ တော်တော်လေးကို ကြားလိုက်ရတယ်။

 

 

 မေး။    ။ မြို့ထဲမှာ စျေးတွေဘာတွေရောဖွင့်လား။

 

ဖြေ။    ။ မြို့ထဲမှာ မြို့မစျေးရော အခွန်လွတ်စျေးရော မနက်ကတည်းက ပိတ်ထားတယ်။ ကျောင်းတွေလည်း ပိတ်ထားတာကို တွေ့ရတယ်။ မြို့ထဲက ရှော့ပင်းစင်တာတချို့မှာတော့ လူတွေ တန်းစီပြီး ဝယ်နေကြတာတွေ့ရတယ်။ ရပ်ကွက်ထဲက စျေးဆိုင်တချို့လည်း ပိတ်ထားတယ်။ တချို့ဆိုင်လေးတွေကတော့ တံခါးအပြည့်မဖွင့်ဘဲနဲ့ ရောင်းနေကြတယ်။ မြို့ထဲမှာတော့ ခုနကရှော့ပင်းစင်တာလိုနေရာမှာတော့ လူတွေတန်းစီနေကြပေမယ့် နေရာအများစုမှာတော့ လူသွားလူလာမရှိတော့ဘူး။ တော်တော်ကြီး တိတ်ဆိတ်နေတယ်။

 

 

 မေး။   ။ လက်ရှိ လျှပ်စစ်မီး၊ ဖုန်းလိုင်းတွေကရော အခြေအနေတွေ ဘယ်လိုများရှိသလဲ။

 

ဖြေ။   ။ မီးကတော့ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ပျက်နေတာ။ အခုထိမလာသေးဘူး။ မီးမလာတော့ ဖုန်းအားသွင်းဖို့တွေ ခက်ခဲကြတယ်။ ဖုန်းလိုင်းတွေကလည်း ရတဲ့ဟာက ရတယ်။ Atom ရတယ်။ မိုင်တဲလ်ရတယ်။ အော်ရီဒူးက ရတချက်မရတချက်ဖြစ်နေတယ်။

 

 

မေး။   ။ မြို့ထဲကနေ ရှောင်နေတဲ့သူတွေရောရှိလားခင်ဗျ။

ဖြေ။   ။ ဘယ်နေရာကို ရှောင်လို့ရမလဲ။ အခုက လမ်းကြောင်းတွေအကုန်ပိတ်သွားတဲ့သဘော။ မန္တလေးလည်း ဆင်းလို့မရဘူး။ လမ်းကြောက မကောင်းတဲ့အပြင် တံတားကျိုးနေတာလည်းရှိတော့ ဘယ်မှ သွားလို့မရဘူး။ မြို့ထဲကနေ ရှောင်ကြတာလည်း နည်းနည်းပါးပါးတော့ရှိတယ်။ အများစုကတော့ မြို့ထဲမှာပဲ နေနေရတယ်။