ပါကစ္စတန်တွင် ဘတ်စ်ကားမတော်တဆမှုဖြစ်စဉ် နှစ်ခုကြောင့် လူ ၄၄ ဦးသေဆုံးဟု ကယ်ဆယ်ရေးတာဝန်ရှိသူများပြောကြား

ပါကစ္စတန်တွင် ဘတ်စ်ကားမတော်တဆမှုဖြစ်စဉ် နှစ်ခုကြောင့် လူ ၄၄ ဦးသေဆုံးဟု ကယ်ဆယ်ရေးတာဝန်ရှိသူများပြောကြား
သြဂုတ် ၂၃ ရက်က ပါကစ္စတန်နိုင်ငံ ဂျာကိုဘာဘတ်မြို့ရှိ လေတပ်စခန်းတွင် ဘတ်စ်ကားမတော်တဆမှုမှ သေဆုံးခဲ့သူများ၏ အသုဘအခမ်းအနားပြုလုပ်နေစဉ်(Photo:Reuters)
သြဂုတ် ၂၃ ရက်က ပါကစ္စတန်နိုင်ငံ ဂျာကိုဘာဘတ်မြို့ရှိ လေတပ်စခန်းတွင် ဘတ်စ်ကားမတော်တဆမှုမှ သေဆုံးခဲ့သူများ၏ အသုဘအခမ်းအနားပြုလုပ်နေစဉ်(Photo:Reuters)
Published 26 August 2024

ပါကစ္စတန်နိုင်ငံတွင် သြဂုတ် ၂၅ ရက်က ဘတ်စ်ကားမတော်တဆမှု ဖြစ်စဉ်နှစ်ခုအတွင်း လူ ၄၄ ဦးထက်မနည်းသေဆုံးခဲ့သည် ဟု ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘတ်စ်ကားတစ်စီးသည် ပန်ဂျပ်ပြည်နယ်နှင့် ပါကစ္စတန်ဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသကြားနယ်စပ်ရှိ အေဇတ်ပက်တန်မြို့အနီး လျှိုတစ်ခုအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ကာ လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့သည်။

“အခုချိန်ထိ သေဆုံးသူ ၂၂ ဦးရှိပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီးခြောက်ဦးနဲ့ ကလေးတစ်ဦး ပါဝင်ပါတယ်”ဟု ပန်ဂျပ်ပြည်နယ်ရှိ Rescue 11 22 အရေးပေါ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာရွတ်အာမက်က ဆိုသည်။

သီးခြားဖြစ်စဉ်တစ်ခုတွင် ဘတ်စ်ကားတစ်စီးသည် အီရန်သို့ ဖြတ်ကျော်ဝင်ရောက်ရန် ဟန့်တားခံခဲ့ရပြီးနောက် ဘာလိုချီစတန်ပြည်နယ် မက်ရမ်ကမ်းရိုးတန်းလမ်းမကြီးပေါ်ရှိ လျှိုတစ်ခုအတွင်းသို့ ထိုးကျခဲ့ကာ အမျိုးသား ၁၂ ဦးသေဆုံးခဲ့သည်။

“ဒီလမ်းဟာ အချိုးအကွေ့များစွာနဲ့ အန္တရာယ်များတဲ့ လမ်းဖြစ်ပါတယ်။ယာဉ်မောင်းက အရှိန်တင်ထားပြီး ဘတ်စ်ကားက ချောက်နက်ထဲ ပြုတ်ကျခဲ့တာဖြစ်ပါတယ်”ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သည့် ရဲအရာရှိ အက်စ်လမ်ဘန်ဂူလ်ဇိုင်းက ပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်စဉ်သည် အီရန်နယ်စပ်မြို့ ပီရှင်းမှ ၅၀၀ ကီလိုမီတာနှင့် ယူသယ်မြို့မှ ၆၂ မိုင်အကွာ တောင်ထူထပ်သော ဒေသတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဘတ်စ်ကားပေါ်မှာ Arbaeen (ဝတ်ပြု ခရီးစဉ်)ကို သွားရောက်သူတွေ လိုက်ပါလာ တာဖြစ်ပေမယ့် သူတို့ရဲ့ အထောက်အထားတွေမှာ ပြဿနာအချို့ရှိနေတာကြောင့် အီရန်နယ်စပ်ကနေ လှည့်ပြန်လာခဲ့ရတာပါ”ဟုအ နီးအနားရှိ ဂွာဒါခရိုင်မှ အကြီးတန်းအစိုးရတာဝန်ရှိသူ ဟာမွတ်အာရာမန်က ဆိုသည်။

လုံခြုံရေး စီမံချက်များမရှိခြင်း၊ ယာဉ်မောင်းလေ့ကျင့်သင်ကြားမှု အားနည်းခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အအုံ အားနည်းခြင်းတို့ရှိနေသည့် ပါကစ္စတန်နိုင်ငံတွင် သေဆုံးသူ အလွန်များပြားသည့် လမ်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

သြဂုတ် ၂၄ ရက်က အီရန်တွင် ဘတ်စ်ကား မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် ဝတ်ပြုခရီးစဉ် သွားရောက်သူ ၂၈ ဦး၏ အလောင်းများကို ပါကစ္စတန်သို့ ပြန်လည်သယ်ဆောင်လာခဲ့သည်။

ထိုဘတ်စ်ကားသည် အီရတ်တွင် Arbaeen အထိမ်းအမှတ်ပွဲသို့ သွားရောက်ရန် အီရန်နိုင်ငံသို့ ဖြတ်သန်းခဲ့သည့် ပါကစ္စတန်နိုင်ငံသား ၅၁ ဦးလိုက်ပါလာသည့် ဘတ်စ်ကားသည် သြဂုတ် ၂၀ ရက်၌ ရက်ဇ်ပြည်နယ် စစ်ဆေးရေးဂိတ်တစ်ခုအနီးတွင် တိမ်းမှောက်ကာ မီးလောင်ခဲ့သည်ဟု အီရန်နိုင်ငံပိုင်ရုပ် သံတွင် ဖော်ပြထားသည်။

ပါကစ္စတန်မှ အီရန်ကိုဖြတ်၍ အီရတ်နိုင်ငံ ကာဘာလာမြို့သို့ သွားရောက်သည့် ခရီးစဉ်သည် မိုင် ၁၁၀၀ ရှည်လျားသည်။ ကားမှောက်သည့် အကြောင်းအရင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

အီရန်တွင် မော်တော်ယာဉ်မတော်တဆမှုများသည် နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး အန္တရာယ်ရှိသော လမ်းများသည် စိုးရိမ်ဖွယ် အရင်းအမြစ်တစ်ခု ဖြစ်သည်။

အစိုးရက လမ်းမတော်တဆမှုကြောင့် သေဆုံးမှုဖြစ်စဉ်များကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန်ကြိုးပမ်း ခဲ့သော်လည်း ၂၀၂၂ခု နှစ်တွင် သေဆုံးသူအရေအတွက်သည်၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု The Lancet ဆေးဘက်ဆိုင်ရာ ဂျာနယ်တစ်စောင်တွင် ဇွန်လက ဖော်ပြခဲ့သည်။                                                 Ref:AFP

Most Read

Most Recent